ထိုင်းတွင် ရခိုင်အမျိုးသမီးကို သတ်သူအား အပြီးသတ်အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

ထိုင်းတွင် ရခိုင်အမျိုးသမီးကို သတ်သူအား အပြီးသတ်အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏ ခင်ပွန်း ဟောင်း ဦးကျော်မင်းနိုင်အား အပြီးသတ်အမိန့်ချမှတ်မည့်ရက်ကို လာမည့် ဩဂုတ်လ ၃ ရက်သို့ ရွှေ့ဆိုင်း လိုက် သည်။

၎င်းကို ယနေ့ ဇူလိုင်လ ၃ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်ဟု ပြီးခဲ့သည့် ဇွန်လ ၂၉ ရက် ရုံးချိန်းတွင် သတ်မှတ်ထားခဲ့သော်လည်း ဦးကျော်မင်းနိုင်ဘက်က ရှေ့နေငှားရမ်းထားသည်ဟု ဆိုကာ လာမည့် ဩဂုတ်လ ၃ ရက်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း မကျော့ကျော့ဝေဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ကိုစိုးမြင့်က ပြောသည်။

ကိုစိုးမြင့်က “ကျော်မင်းနိုင်ဘက်က ရှေ့နေငှားထားပါတယ်။ ဒါကြောင့် သြဂုတ်လ ၃ ရက်မှာ ပြစ်ဒဏ်ချမယ်လို့ တရားရုံးက စကားပြန်က ပြောပါတယ်။ အဲဒီနေ့ နောက်ဆုံးလို့ စခန်းမှူးက ပြောပါတယ်။ ဒီကြားထဲ ရုံးချိန်း တွေ မရှိတော့ဘူး” ဟု ဆိုသည်။

ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့ရှိ ဆိုင်ကယ်မူလီလုပ်ငန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်ပြည်၊ မာန်အောင် မြို့နယ်၊ ပြားကြီးကျေးရွာမှ မကျော့ကျော့ဝေကို ဦးကျော်မင်းနိုင်က အဆိုပါစက်ရုံအနီး မြန်မာအလုပ်သမားများ နေထိုင်ရာ တန်းလျားတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခန့်၌ ဝက်အူလှည့်ဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထိုးသတ်ခဲ့သည့်အတွက် မကျော့ကျော့ဝေမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

မကျော့ကျော့ဝေ၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် အမျိုးသမီး အင်္ဂါတွင်လည်း ထိုးသွင်းဒဏ်ရာများ ပါရှိသလို လည်ပင်းကိုလည်း ညှစ်သတ်ခံရသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံလိုက်ရသည့် မကျော့ကျော့ဝေ၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၅ ရက် (တနင်္ဂနွေနေ့) ထိုင်းစံတော်ချိန် ညနေ ၃ နာရီတွင် ဘန်ကောက်မြို့၌ သင်္ဂြိုဟ်ခဲ့သည်။

မကျော့ကျော့ဝေအား သတ်ဖြတ်ပြီးနောက် ဦးကျော်မင်းနိုင်သည် ထွက်ပြေးသွားခဲ့သော်လည်း နောက်တစ်နေ့ ဇန်နဝါရီလ ၂၂ ရက်၊ ည ၉ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ ဟတ်ရိုင် (Hat Yai) မြို့ရှိ တောတွင်းတစ်နေရာ၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ၎င်းကို ဇန်နဝါရီလ ၂၄ ရက် နံနက် ၈ နာရီတွင် ဘန်ကောက်မြို့ရှိ တရားရုံးတစ်ခု၌ စတင်ရုံးထုတ် စစ်ဆေးခဲ့ပြီး ထောင်ဒဏ် အနှစ် ၂၀ ကနဦး ချမှတ်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက်တွင်လည်း ထောင်ဒဏ် ၁၁ နှစ် ထပ်မံချမှတ်ခံခဲ့ရသဖြင့် လက်ရှိတွင် ၎င်းသည် ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခံထားရပြီး ဖြစ်သည်။

မကျော့ကျော့ဝေကို ၎င်းကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း ဇွန်လ ၂၉ ရက် ရုံးချိန်းတွင် ဝန်ခံထားပြီး ဖြစ်ကြောင်း မကျော့ကျော့ဝေဘက်မှ လိုက်ပါကူညီပေးနေသည့် ကိုစိုးမြင့်က ရှင်းပြသည်။

ကိုစိုးမြင့်က “ဟိုနေ့က စစ်ဆေးတဲ့အခါ သူသတ်တယ်လို့ ဝန်ခံသွားပါတယ်” ဟု ပြောသည်။ ပြစ်မှုကျူးလွန်သူ ဦးကျော်မင်းနိုင်သည်လည်း ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ ပန်းခြံကျေးရွာဇာတိ ဖြစ်သည်။

မကျော့ကျော့ဝေနှင့် ဦးကျော်မင်းနိုင်တို့သည် အိမ်ထောင်ကွဲနေသည်မှာ နှစ်လခန့်ရှိပြီဖြစ်သော်လည်း ဦးကျော်မင်းနိုင်သည် မကျော့ကျော့ဝေထံ မကြာခဏလာရောက်ကာ အဓမ္မပြုကျင့်ပြီး ပြဿနာရှာလေ့ရှိ ကြောင်း နီးစပ်သူများက ပြောဆိုကြသည်။

လက်ရှိတွင် ဦးကျော်မင်းနိုင်သည် လူသတ်မှုပုဒ်မ အပါအဝင် လူသတ်ပြီး စောင်များခြုံကာ တံခါးကို သော့ပိတ် ထားခဲ့မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ မကျော့ကျော့ဝေနှင့် ကွာရှင်းပြီးနောက် ၎င်းထံလာရောက်ကာ အဓမ္မပြု ကျင့်မှု စသည့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...