ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ဒေသခံတွေအနေနဲ့ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်တိမ်းရှောင်ကြဖို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်ကို ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်တပ်က ဗန်းမော်မြို့တိုက်ပွဲအတွက် စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းနိုင်ဖို့ တိုက်ခိုက်ရေးစစ်သင်္ဘော ၂ စီး ဦးဆောင်တဲ့ သင်္ဘောအစီးရေ ၂၀ ခန့်နဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတယ်လို့ ဖော်ပြထားပါတယ်။
ရွှေကူနဲ့ ငါးအိုးကြား တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်တပ်က ဗန်းမော်ကို စစ်ကူပို့နိုင်ဖို့ ရေလမ်းကြောင်းကို အသုံးပြုဖို့ ပြင်ဆင်နေတာကြောင့် အဲဒီဒေသတစ်လျှောက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ကြိုတင်ပြောထားပါတယ်။
စစ်တပ်ဟာ မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို ဖြည့်တင်းလေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း စစ်သင်္ဘောတွေအပါအဝင် လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်ဆောင်ထားတဲ့ ရေယာဉ် ၁၇ စီးဟာ ဗန်းမော်မြို့ကို ဆန်တက်ပြီး ရိက္ခာဖြည့်တင်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က မြို့အချို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဗန်းမော်တိုက်ပွဲဟာ နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေက မြို့သိမ်းနိုင်ဖို့ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ရဲ့ ကင်းစခန်းတွေနဲ့ နယ်မြေအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်အထိလည်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။







