အင်အားစုတွေအချင်းချင်းကြား လက်နက်သုံး မဖြေရှင်းဖို့ တိုက်တွန်း

အင်အားစုတွေအချင်းချင်းကြား လက်နက်သုံး မဖြေရှင်းဖို့ တိုက်တွန်း
ဓာတ်ပုံ-PDF
ဓာတ်ပုံ-PDF

တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို ဝိုင်းဝန်း တားဆီးကြဖို့ ဒီမိုကရေစီအင်အားစုတွေအပါအဝင် ‌တော်လှန်ရေးအစုအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၉၀ ကျော်က ဇွန် ၂၈ ရက်နေ့မှာ ပူးတွဲနှိုးဆော်ချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခကနေ လွတ်မြောက်ရေးအတွက် သမိုင်းဝင် အခွင့်အလမ်းကြီး ဖြစ်တယ်လို့ နှိုးဆော်ချက်မှာ ဖော်ပြပါတယ်။

တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ သဘောထားကွဲလွဲမှုတွေနဲ့ ပွတ်တိုက်မှုတချို့ ရှိလာတာဟာ ဓမ္မတာဖြစ်ပေမယ့် အဲဒီပြဿနာတွေကို လက်နက်အားကိုးနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာက တော်လှန်ရေးအဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်ရာ ရောက်သွားနိုင်တယ်လို့ သတိပေးထားတာပါ။

အင်အားစုတွေကြား ကျူးလွန်ချိုးဖောက်မှုတွေကို တရားမျှတစွာ ဖြေရှင်းကြဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနိူင်းမှုတွေကို အင်တိုက်အားတိုက် ဝန်းရံပေးကြဖို့ "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေးနဲ့ ညီညွတ်ရေးဆီသို့" လှုပ်ရှားမှုကို စတင်ဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။

အဖွဲ့အစည်းတွေအကြား နိုင်ငံရေးအရ တန်းတူဆက်ဆံမှုတွေ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုတွေကိုလည်း တော်လှန်ရေးကာလအတွင်းမှာပဲ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုအချိန်မှာ အချင်းချင်းကြား ကြုံတွေ့ရမယ့် မကျေလည်မှုတွေကို လက်နက်၊ အင်အားနဲ့ မဖြေရှင်းဘဲ ညီညွတ်ရေးကို အခြေခံတဲ့ နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေးတဲ့ နည်းလမ်းနဲ့သာ စံနမူနာပြ ဖြေရှင်းသွားရမယ်လို့ ဆိုပါတယ်။

ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက် ဖြစ်တာနဲ့အညီ "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေးနဲ့ ညီညွတ်ရေးဆီသို့" လှုပ်ရှားမှုမှာ အပေါင်းလက္ခဏာဆောင်တဲ့သဘောနဲ့ အတူတကွ ပူးပေါင်းပါဝင်ပေးကြဖို့ နှိုးဆော်ထားတာ တွေ့ရပါတယ်။

အတတ်ပညာရှင် အသိပညာရှင်တွေ အနုပညာရှင်တွေအနေနဲ့ မိမိတို့ တတ်ကျွမ်းတဲ့ ကဏ္ဍအသီးသီးကနေတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုတွေနဲ့ လှုံ့ဆော်မှုတွေကို လူမှုကွန်ရက်နဲ့ မြေပြင်မှာ ကူညီပေးကြဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် မိဘပြည်သူတစ်ရပ်လုံးအနေနဲ့ ကမ်ပိန်းရဲ့ ကြွေးကြော်သံတွေ ပိုစတာတွေနဲ့ ဆောင်းပါးတွေကို အွန်လိုင်းနဲ့မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးတဲ့သဘောနဲ့ လှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြဖို့ အဖွဲ့အစည်း ၉၀ ကျော်က တိုက်တွန်းတာပါ။

ဒီလှုပ်ရှားမှုဟာ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မဟုတ်ဘဲ အားလုံး စည်းလုံးညီညွတ်စွာနဲ့ ပန်းတိုင်ကို အတူတကွ လျှောက်လှမ်းနိုင်ရေးဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ ကဏ္ဍ လွတ်လပ်တဲ့ ပုံစံတွေနဲ့ ကမ်ပိန်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...