လျှပ်စစ်မီးမရဘဲ မီတာခကောက်ခံ၍ ကလေးမြို့ခံများ အခက်ကြုံ

လျှပ်စစ်မီးမရဘဲ မီတာခကောက်ခံ၍ ကလေးမြို့ခံများ အခက်ကြုံ

ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီး နှစ်နှစ်ကျော်ကြာ ပြတ်တောက်နေသော်လည်း မီတာခအကြွေးများကို မဖြစ်မနေ ပေးဆောင်ရန် စစ်အုပ်စုက ဖိအားပေးနေပြီး မဆောင်ပါက မီတာဘောက်များကို ဖြုတ်သိမ်းမည်ဟု လျှပ်စစ်ဌာနဝန်ထမ်းများက ပြောဆိုနေကြောင်း ကလေးမြို့ဒေသခံများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မီတာခမပေးဆောင်ခဲ့သည့် အကြွေးများကို ယခုအခါ ပြန်လည်ကောက်ခံနေခြင်းဖြစ်ပြီး၊ မပေးဆောင်နိုင်သည့် အိမ်များကို မီတာဘောက်ဖြုတ်သိမ်းမှုများ စတင်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“မီးမလာတာက နှစ်နဲ့ချီပြီးရှိနေပြီလေ။ အရင်အကြွေးတွေဆိုတာကလည်းသူတို့တွက်ချင်သလို တွက်ထားကြတာ ၊ မီတာဘောက်ကလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ထားတာ သူတို့မှာသိမ်းဖို့ အခွင့်အရေးကိုမရှိဘူး” ဟု ကလေးမြို့ဒေသခံက မဇ္ဈိမ ကိုပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ကလေးမြို့တောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ၆၆ ကေဗီဓာတ်အားလိုင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားပြီးနောက် မြို့တွင်း လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။

လက်ရှိတွင် ဒေသခံများသည် ဆိုလာပြားများနှင့် မီးစက်များကိုသာ အားထားအသုံးပြုနေရပြီး လျှပ်စစ်ဝန်ဆောင်မှု မရရှိသည့်ကာလအတွက် မီတာခကောက်ခံမှုကို လက်မခံနိုင်ကြောင်း ပြောဆိုကြသည်။

ကလေးမြို့ရှိ အိမ်ထောင်စုအများစုတွင် မီတာခအကြွေးများ ကျန်ရှိနေပြီး အချို့မှာ ငွေကျပ်သိန်းဆယ်ချီအထိ ပေးဆောင်ရမည့် အခြေအနေရှိသဖြင့် အခြေခံလူတန်းစားများအတွက် အခက်အခဲများ ပိုမိုကြီးထွားလာနေကြောင်း ဒေသခံများက ဆိုသည်။

နောက်ထပ်ဒေသခံတဦးကလည်း မီတာခအကြွေး ကျပ် ၁၀ သိန်းရှိသဖြင့် ထက်ဝက်ဖြစ်သည့် ကျပ် ၅၀၀,၀၀၀ ကို အရင်ပေးဆောင်ရန် တောင်းဆိုခဲ့ပြီး မပေးနိုင်သဖြင့် မီတာဘောက်ဖြုတ်သိမ်းခံခဲ့ရကြောင်း ပြောသည်။

“အောင်မြေမာန်ရပ်ကွက်မှာ မီတာကြေးမပေးနိုင်ဘူးပြောလို့ အဲဒီအိမ်က မီတာဘောက်ဖြုတ် သွားတယ်၊ မီးလာတာလဲမဟုတ်ဘဲနဲ့ အကြွေးတွေလိုက်တောင်းနေတာ ကျန်တဲ့သူတွေလည်း မပေးနိုင်ရင် မီတာဘောက်ဖြုတ်မယ်လို့ ပြောသွားတယ်” ဟု ၎င်းကဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားနေစဉ်က မီတာခမကောက်ခံနိုင်ခဲ့သည့် စစ်အုပ်စုနှင့် လက်အောက်ခံဝန်ထမ်းများသည် မြို့နယ်အတွင်း ပြန်လည်ထိန်းချုပ်နိုင်လာပြီးနောက် မီတာခအကြွေးများကို ပြန်လည်ကောက်ခံရန် အရှိန်မြှင့်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...