ပဋိပက္ခကာလအတွင်း မြန်မာမှာ အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိ

ပဋိပက္ခကာလအတွင်း မြန်မာမှာ အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိ
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )

ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊ အဲ့ဒီနှုန်းက အမျိုးသားတွေထက် နှစ်ဆနီးပါး ပိုများတယ်လို့ UNDP နဲ့ UN Women တို့ရဲ့ အစီရင်ခံစာသစ်အရ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်ခံ စီးပွားရေးအခြေအနေကြောင့် အမျိုးသမီး (၁၀) ဦးမှာ (၄) ဦးက ဝင်ငွေလုံးဝမရှိကြောင်း အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေ အလုပ်မလုပ်ကိုင်ရခြင်းရဲ့ အဓိကအကြောင်းရင်းက အမျိုးသမီး (၁၀) ယောက် မှာ (၈) ယောက် နီးပါးက အိမ်တွင်းရေးရာ ပြုစုစောင့်ရှောက်မှုတာဝန်တွေ လုပ်ကိုင်ရတာကြောင့်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ အမျိုးသမီး အလုပ်အကိုင်ရရှိမှုနှုန်းက (၆၂) ရာခိုင်နှုန်း ကျဆင်းသွားပြီး အမျိုးသားများအလုပ်အကိုင်ရရှိမှုကတော့ (၈၂) ရာခိုင်နှုန်း ရှိတယ်လို့လည်း ဖော်ပြပါတယ်။ အလားတူ ကရင်နီပြည်မှာ အမျိုးသမီး (၃၈) ရာခိုင်နှုန်းပဲ ဝင်ငွေရ အလုပ်လုပ်ကိုင်ကြပြီး အမျိုးသားတွေက (၆၇) ရာခိုင်နှုန်းရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်မှာ စားနပ်ရိက္ခာဖူလုံမှုရှိသူအရေအတွက်မှာ အမျိုးသမီးတို့အကြား (၁၂) ရာခိုင်နှုန်းသာရှိပြီးတော့ အမျိုးသားများအကြား (၁၈) ရာခိုင်နှုန်းရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

“အဓိကကတော့ အမျိုးသမီးတွေက အိမ်မှုကိစ္စလုပ်ရမယ်။ အမျိုးသားတွေက ရှေ့ထွက်ပြီး ဝင်ငွေရှာရမယ်လို့ပဲ ခံယူထားကြတာပေါ့နော။ လူငယ်တွေကြားမှာတော့ ဒီအတွေးအခေါ်က တဖြေးဖြေးနဲ့ မှိန်လာပြီဆိုပေမယ့် ဒီလို သဘောတရားတွေကို လက်ခံကြတဲ့သူတွေလည်း ရှိနေတုန်းပါပဲ။ ဒီဟာက အမျိုးသမီးတွေရဲ့ နေထိုင်မှု၊ လုပ်နိုင်စွမ်းအပေါ်မှာ အကန့်အသတ်တအားဖြစ်နေတာပေါ့နော။ အခုဆိုလည်း အမျိုးသမီးတွေက ပင်ပန်းနေရတာပဲ။ ဒါပေမဲ့ ဝင်ငွေမရကြတော့ဘူးပေါ့နော။ အခုအခြေနေကပိုဆိုးတယ်။ စားဝတ်နေရေးကို အမျိုးသမီးတွေက စီမံရပေမယ့် ဝင်ငွေမရှိကြဘူးလေး” လို့ ဒီးမော့ဆိုဒေသခံ၊ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အမျိုးသမီးတွေက အခကြေးငွေမရတဲ့ အိမ်မှုကိစ္စနဲ့ ပြုစုစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် အမျိုးသားတွေထက် နေ့စဉ်အချိန် နှစ်ဆနီးပါး ပိုမိုအသုံးပြုနေရတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တိုးချဲ့ပေးခြင်းတစ်ခုတည်းကိုသာ အလေးပေးထားတဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေက မလုံလောက်ဘူးလို့ အစီရင်ခံစာက သတိပေးထားပါတယ်။

အိမ်ထောင်ပြုစုစောင့်ရှောက်မှုဆိုင်ရာ တာဝန်တွေကို ရင်းနှီးမြှုပ်နှံတာ၊ အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ပံ့ပိုးပေးတာအပြင် အမျိုးသမီးတွေရဲ့ မြေယာနဲ့ ပိုင်ဆိုင်မှုအခွင့်အရေးတွေကို ကာကွယ်ခြင်းနဲ့ ပဋိပက္ခဒဏ်ခံ ဒေသတွေမှာ လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်း အစီအစဉ် ဆောင်ရွက်ခြင်းတို့အပါအဝင် ကျား/မရေးရာ တုံ့ပြန်မှုရှိသော ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်တွေမှာပါ ရင်းနှီးမြှုပ်နှံသင့်ကြောင်းကိုလည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

Most read this week

August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...
August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...