ဖားကန့်မှာ ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း အကူအညီလိုအပ်နေ

ဖားကန့်မှာ ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း အကူအညီလိုအပ်နေ
Photo Credit- Original Owner
Photo Credit- Original Owner

ဖားကန့်ကျောက်စိမ်းတွင်ဒေသမှာ ရေကြီးရေလျှံမှုဒဏ်နဲ့ ကြုံတွေ့နေရပြီး ရေဘေးသင့်ပြည်သူတွေအပြင်  ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေအတွက်လည်း အကူအညီတွေ လိုအပ်နေပါတယ်။

လက်ရှိအချိန် ရေဘေးသင့်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံအထောက်အပံ့တွေ မကူညီနိုင်တဲ့အပြင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေမှာလည်း အကူအညီအထောက်အပံ့တွေ လိုအပ်နေတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

 “ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ သူတွေရဲ့ ကျန်းမာရေး၊ ကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ ရွေ့လျားသွားနေရတဲ့ စက်သုံးဆီလိုတာပေါ့။  ဘဏ္ဍာငွေမတောင့်တင်းတဲ့အပြင် အလှူရှင်လည်းရှားပါးတယ်။ကယ်ဆယ်ရေးသာ လုပ်နေတာ ရေဘေးသင့်ပြည်သူတွေကို ထမင်းထုပ်တွေ မဝေနိုင်ဘူး။  အလှူရှင်တွေ မရှိတော့ ဘာမှမဆောင်ရွက်နိုင်ဘူး။ ဦးဆောင်ဦးရွက်ပြုမယ်ဆိုလည်း နယ်မြေမငြိမ်ချမ်းတဲ့အပေါ်မှာ မူတည်ပြီး ရှေ့ထွက်ပြီး အလုပ်လုပ်ဖို့ဆိုတာလည်း ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒီလို ဖြစ်နေတာ။”အထက်ပါ အမျိုးသားက ပြောပါတယ်။

 ဖားကန့်ဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အခုရက်ပိုင်းအတွင်း ဖြစ်နေတဲ့ ရေကြီးရေလျှံမှုဟာ အရင်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေနဲ့မတူဘဲ ပိုမိုဆိုးရွားပြင်းထန်နေပြီး ကူညီထောက်ပံပေးမယ့်  အလှူရှင်တွေလည်း နည်းပါးနေတယ်လို့ ဆိုပါတယ်။

 “အိမ်ထဲရေဝင်တော့ အသွားအလာ အဆင်မပြေဘူး။ တချို့ အနိမ့်ပိုင်းတွေဆိုလို့ရှိရင် ဈေးဝယ်ခြမ်းဖို့ အဆင်မပြေတာတွေ ဒါမျိုးတွေပေါ့။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် နောက်ဖေး(အပေါ့/အလေး) သွားမယ်ဆိုရင်တောင် အဆင်မပြေဘူးလေ။” အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ နေရာတွေမှာ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ သူတွေအနေနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်ရွှေ့ပြောင်းကူတာတွေ၊  ဈေးသွားဈေးဝယ် ကူညီတာတွေနဲ့ ကျောင်းတက်နေတဲ့ ကလေးငယ်တွေကို ကျောင်းအပို့အကြိုပြုလုပ်ပေးနေတာပါ။ 

ဖားကန့်မြို့ပေါ် မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ ငှက်ပျောတော၊အေးမြသာယာရပ်ကွက်၊ မြို့မဘက်မှာ ဒီမနက်ပိုင်းရဲ့ ရေကြီးရေလျှံမှုအခြေအနေကတော့ ဆိုင်ကယ်နဲ့ကားအနည်းငယ် သွားလို့ရနေတယ်လို့လည်း နောက်ထပ်ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ညပိုင်းမှာတော့ ဥရုချောင်းနဲ့ မော်ဝမ်းချောင်းရေတွေ ပြန်တက်နေတဲ့အတွက် စောင့်ကြည့်နေကြရတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာတဲ့အတွက် ဖားကန့်ဒေသက မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။

အထက်ပါမြေနိမ့်ရပ်ကွက်တွေဟာ နှစ်တိုင်းမိုးရာသီရောက်ရင် ရေဘေးနဲ့ ကြုံတွေ့နေရတဲ့ ရပ်ကွက်တွေဖြစ်ပါတယ်။

July 10, 2026
ကချင်ပြည်၊ ကန်ပိုက်တီမြို့နှင့် ဆဒုံးမြို့အကြား မိုးရက်ဆက်ရွာသွန်းမှုကြောင့် တောင်ပြို၊...
July 10, 2026
ကချင်ပြည်၊ ပူတာအိုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေအိမ်များအား ဖောက်ထွင်း၍ အဖိုးတန်...
July 8, 2026
ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်နှင့် ယူမာလမ်းအနီးတွင်...
July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...