ထိန်းချုပ်နယ်မြေ စစ်တပ်ဗုံးကြဲမှု မွန်ပြည်သစ်ပါတီ နှုတ်ဆိတ်နေ

ထိန်းချုပ်နယ်မြေ စစ်တပ်ဗုံးကြဲမှု မွန်ပြည်သစ်ပါတီ နှုတ်ဆိတ်နေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်မှုအပေါ် ပါတီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။

ရေးချောင်းဖျားဒေသကို စစ်တပ်က မေ ၂၇ ရက်မှာ တစ်ကြိမ်၊ ဇွန် ၃ ရက်မှာ တစ်ကြိမ်၊ ဇွန် ၁၈ ရက်မှာ တစ်ကြိမ် ၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ထားပါတယ်။

အဲဒီထဲက ဇွန် ၁၈ ရက်နေ့ လေကြောင်းဗုံးကြဲမှုဟာ ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်းဒေးရှင်းက ရေးချောင်းဖျားဒေသမှာ မွန်ပြည်သစ်ပါတီအတွက် ဆောက်လုပ်လှူဒါန်းထားတဲ့ ငြိမ်းချမ်းရေး အိမ်ရာတွေအပေါ် ဗုံးကြဲမှု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အိမ်ရာ ဗုံးကြဲမှုအတွင်း အဆောက်အဦ ငါးလုံးထက်မနည်း ထိမှန်ပျက်စီးသွားပေမယ့် လူထိခိုက်ဒဏ်ရရာ မရှိပါဘူး။

ဗုံးကြဲခံရတဲ့ ငြိမ်းချမ်းရေး အိမ်ရာဟာ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်ဟောင်း မိသားစုဝင်တွေအပြင် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေလည်း နေထိုင်ပါတယ်။

အရင်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို ပါတီဘက်က အရှေ့တောင်းတိုင်းစစ်ဌာနချုပ်အပါအဝင် ပြည်နယ်အဆင့်နဲ့ ဗဟိုအဆင့်အထိ စာပို့ပေးတာတွေ ရှိသလို စစ်တပ်ဘက်ကလည်း ပြန်တောင်းပန်တာတွေ ရှိခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ စစ်တပ် ဗုံးကြဲမှုဟာ ထိန်းချုပ်နယ်မြေတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားမှုအပေါ် ပါတီဘက်ကို သတိပေးတာ ဖြစ်တယ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ရေးချောင်းဖျားဒေသမှာရှိတဲ့ ရေးဘီလူးအဖွဲ့စခန်းကို ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့မှာ စစ်တပ်က လေကြောင်းဗုံးကြဲကနေ ဗုံးကြဲသွားတာကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၃ ရက်နေ့က ရေးချောင်းဖျားဒေသကို စစ်တပ်ရဲ့ ဗုံးကြဲမှုအတွင်း ခြံလုပ်သား တစ်ဦး ထိမှန်သေဆုံးထားပါတယ်။

နိုင်ဟံသာ ဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ NMSP ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ စစ်တပ်က ဖိတ်ခေါ်တဲ့ နေပြည်တော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမြဲလို တက်ရောက်နေတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ စစ်တပ်နဲ့ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမှုအပေါ် လက်မခံနိုင်တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD ကို တည်ထောင်ထားပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...