ကျောက်တော်မှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရသည့်ကလေးမိခင် အဆိပ်သောက်သေဆုံး

ကျောက်တော်မှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရသည့်ကလေးမိခင် အဆိပ်သောက်သေဆုံး

မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရသည့်ကလေးမိခင်တစ်ဦးသည် ဓားပြတိုက်ခံရပြီးနောက် တစ်နှစ်ခန့်အကြာတွင် အဆိပ်သောက်သေဆုံးသွားခဲ့သည်ဟု သိရသည်။

အဆိပ်သောက်သေဆုံးသွားသူမှာ ကွမ်းအုံချောင်းကျေးရွာမှ ဆန်စက်ပိုင်ရှင် ကိုကျော်သက်လှိုင်၏ဇနီးဖြစ်သည်။

အသက် ၃ဝ ကျော်အရွယ် ထိုအမျိုးသမီးသည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် အဆိပ်သောက်သေဆုံးသွားခြင်းဖြစ်သည်ဟု သူတို့နှင့်နီးသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“အဆိပ်အမျိုးအစားတော့ မသိဘူး။ ဆေးပြားကတော့ နှစ်ပြားသောက်ပစ်တာလို့ ပြောတယ်။ အဲလိုသောက်ပြီးတော့ ဝေဒနာကို အလူးအလဲခံစားခဲ့ရပြီး ဆေးခန်းတွေလည်း သွားပြခဲ့ရသေးတယ်။ ဒါပေမဲ့ အသက်မကယ်လိုက်နိုင်ဘူး”ဟု ပြောသည်။

သေဆုံးသွားသူတွင် အမျိုးသားနှင့်အတူ နို့စို့ကလေးတစ်ဦးအပါအဝင် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

သူတို့နှင့်နီးစပ်သူက "သူတို့မိသားစုက တော်တော်သနားဖို့ကောင်းတယ်။ နို့စို့ကလေး နှစ်နှစ်လောက်ရှိမယ်ထင်တယ်။ အဲဒီကလေးလေးကျန်ခဲ့တယ်။ သေဆုံးသွားတဲ့သူလည်း စိတ်ကောင်းပါတယ်။ ဘာကြောင့် သတ်သေသွားလဲမသိဘူး"ဟု နိရဉ္စရာကို ပြောသည်။

ကွမ်းအုံချောင်းရွာရှိ ကိုကျော်သက်လှိုင်၏နေအိမ်ကို ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း မိုးသည်းထန်သည့်ညတစ်ညတွင် ဝင်ရောက် ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူများနှင့် ရွာသားများက ဓားပြတိုက်ခံရပြီး ရက်ပိုင်းအကြာတွင် နိရဉ္စရာကို ပြောဆိုခဲ့သည်။

ယင်းသို့ ဓားပြတိုက်ခံရမှုကြောင့် ရွှေ ၁ဝ ကျပ်ကျော်နှင့် ငွေသားအချို့လည်း ပါသွားပြီး ယခု အဆိပ်သောက်သေဆုံးသွားခဲ့ရသည့် ကိုကျော်သက်လှိုင်၏အမျိုးသမီးတွင် လက်တစ်ဘက်၌ ပြတ်ရှဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါဓားပြတိုက်မှုဖြစ်စဉ်တွင် ဆုံးရှုံးသွားသည့် ရွှေနှင့်ငွေသားများကိုလည်း လက်ရှိအချိန်ထိ ပြန်မရသေးသလို ကျူးလွန်သူများကိုလည်း ယခုထိ ဖမ်းမမိသေးဟု ဒေသခံများက ပြောသည်။

ဆုံးရှုံးသွားသည့်ရွှေများသည် ရန်ကုန်တွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ကိုကျော်သက်လှိုင်၏မိဘများက အပ်နှံထားခြင်းဖြစ်သည်ဟု သိရသည်။

ကွမ်းအုံချောင်းကျေးရွာသည် ကျောက်တော်မြို့နယ်အတွင်း ပီကောက်ချောင်းအနီး စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်တွင်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိသည်ဟု သိရသည်။

Most read this week

စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...