လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့မှသည် စစ်မိစ္ဆာများ၏ မတရားချုပ်နှောင်မှုမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်း ချင်းပြည်(Chinland) အစိုးရအဖွဲ့က မွေးနေ့ဆုတောင်း ပေးပို့သည်ဟု ထုတ်ပြန်သည်။
ဇွန်လ ၁၉ ရက်မှာ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့သို့ ချင်းလန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့က ပေးပို့သော သဝဏ်လွှာတွင် မွေးနေ့မှသည် ပြည်သူ့မိခင်ကြီး အသက်ရှည်ကျန်းမာ ပါစေကြောင်းလည်း ဆုတောင်းမေတ္တာပို့ထားသည်။
ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တောင့်တခဲ့သော စစ်ဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးကို တော်လှန်ပြည်သူများနှင့်အတူ လက်တွဲ တွန်းလှန်သွားမည်ဟု ချင်းပြည်အစိုးရအဖွဲ့က အဓိဋ္ဌာန်ပြု ထုတ်ပြန်သည်။
“မြန်မာပြည်သူလူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပညာဥာဏ်ထက်မြတ်မှုနှင့် တည်ကြည်သော သမာဓိတရားတို့သည် မြန်မာပြည်အတွက် အမှောင်ထုစနစ်ဆိုးမှ ဆွဲတင်ပေးနိုင်မည့် အလင်းရောင်နှင့် ခွန်းအားတစ်ရပ်ဖြစ်ပါသည်” ဟု ချင်းပြည်အစိုးရအဖွဲ့က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ယုံကြည်အားကိုရသော လူထုခေါင်းဆောင် ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၎င်း၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပြီး နွေဦးတော်လှန်ရေး အောင်မြင်ရန် အဓိက မျှော်လင့်ချက် မောင်းနှင်းအား ဖြစ်သည်ဟု ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်သည်။
စစ်အုပ်စုသည် ၂၀၂၁ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဥပဒေမဲ့ ဖမ်းဆီးအကျဉ်းချထားသည်မှာ ၅ နှစ်ကျော်၊ ရက်ပေါင်း ၁၉၆၅ ရက် ရှိလာပြီး ၎င်းကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို တရားဝင်သတင်း ထုတ်ပြန်ခြင်းလည်း မရှိခဲ့ပေ။
ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းပြည်သူတစ်ရပ်လုံးမှ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတရပ်လုံး၏ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီရေးအတွက် မိသားစုနှင့် မိမိကိုယ်ပိုင် ဘဝကို စွန့်လွှတ်လျှက် မဆုတ်မနစ် အနစ်နာခံ ကြိုးပမ်းမှုကို လေးစားဂါရဝပြုပါသည်ဟု အသိပေးထုတ်ပြန်သည်။
အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့နိုင်ငံရေး ပြသနာများ ငြိမ်းချမ်းစွာ ပြေလည်စေရေးအတွက် အထူးဦးစာပေး လုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးကို အဓိကထား ကြိုးပမ်းဆောင်ရွက်ပေးရန်ကိုလည်း ချင်းအပါအဝင် ယူနစ်အလိုက် အစိုးရနှင့် လွှတ်တော်တို့ကလည်း ယနေ့မှာ တောင်းဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းပြည် လွှတ်တော်၊ ချင်းပြည်အစိုးရတို့အပါအဝင် နိုင်ငံတဝန်း ဒေသအလိုက် တော်လှန်ရေးအင်အားစုများ၏ အစိုးရ၊ လွှတ်တော်အဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့က ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့မှာ ယင်းသို့ ပူးတွဲ ထုတ်ပြန်ခြင်းဖြစ်သည်။
မိတ်ဆွေနိုင်ငံများအနေဖြင့် အတုအယောင် စစ်အုပ်စုအစိုးရကို ဆောလျင်စွာ အသိအမှတ်ပြု ထိတွေ့ဆက်ဆံမှု ပြုလုပ်ပါက မြန်မာကို ပိုမိုနက်ရှိုင်းသော ပဋိပက္ခနွံတွင်းသို့ တွန်းပို့ခြင်းကို ဖန်တီးမှုဖြစ်သည့်အတွက် ယင်းသို့ မပြုလုပ်ရန်ကိုလည်း ပူးတွဲထုတ်ပြန်ချက်မှာ တောင်းဆိုထားသည်။







