မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်တွင် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထီးတင်းပွဲတွင် စစ်ကော်မရှင်လက်အောက်ခံ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများကို ဖွင့်လှစ်ခဲ့ပြီး ဇွန်လ ၁၆ ရက်ထိ တစ်လကျော်ကြာ ဖွင့်လှစ်နေကြောင်း မိုးနဲမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒါက SSS ပြည်သူ့စစ်အဖွဲ့နဲ့ စစ်တပ်အောက်ခံတွေက ပူးပေါင်းပြီး ထီးတင်ပွဲကို အကြောင်းပြ လုပ်စားနေကြတာပါ။ဒါမျိုးက ပိုက်ဆံရှိတဲ့လူတွေရဲ့အကွက်ထဲဝင်တာပေါ့။ SSS ပြည်သူ့စစ်က လုံခြုံရေးယူထားတာကို ကြည့်ရင် သူတို့က ဦးဆောင်လုပ်နေတယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းကပြောသည်။

လောင်းကစားဝိုင်းများကို မဟာဂျာဦးဆောင်သည့် SSS ပြည်သူ့စစ်အဖွဲ့က လုံခြုံရေး တာဝန်ယူထားပေးကြောင်း သိရပြီး သျှမ်းသံတော်ဆင့်မှ မဟာဂျာ SSS ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။

အဆိုပါ လောင်းကစားပွဲအတွင်း စားသောက်ဆိုင် ၃ ဆိုင်မှ ၄ ဆိုင်အပြင် ဖျော်ဖြေရေးအစီအစဉ်များ နှင့် လောင်းကစားဝိုင်း အမျိုးမျိုးရှိပြီး ကုံးကင်း ၊ လေးကောင်ဂျင် နှင့် ဖဲဝိုင်း စသည်တို့ ရှိကြောင်းသိရသည်။

ထိုလောင်းကစားဝိုင်းများ ဖွင့်လှစ်ရန် ဒေသတွင်း တာဝန်ရှိသူများထံသို့ ဆိုင်ခန်းခအနေဖြင့် သိန်းဆယ်ဂဏန်းခန့် ပေးဆောင်ရသည်။

လောင်းကစားဝိုင်းများကို အချိန်ကြာမြင့်စွာ ဆက်လက်ကျင်းပနေသည့်အပြင် ဒေသခံများ၏ အကျင့်ကိုပျက်စေပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များလည်း များပြားနိုင်ကြောင်း မိုးနဲမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ၎င်း၏အမြင်ကို ဆက်ဆိုသည်။

“ဒေသခံတွေကတော့ ဒါကို မကောင်းဘူးလို့ မြင်ကြပါတယ်။ ဘာသာရေးကို ရှေ့တန်းတင်ပြီး ဒီလိုစီးပွားရေးလုပ်စားတာမျိုးကို မကြိုက်ကြဘူး။ဒါက ဒေသခံတွေ အတွက်လည်း အကျင့်ပျက် နိုင်စေတယ်။နောက်ဆက်တွဲအနေနဲ့ ခိုးမှု၊ လုယက်မှုတွေ ပိုများလာနိုင်တယ်။ လောင်းကစားမှာ ရှုံးသွားတဲ့သူတွေက ငွေပြန်ရဖို့ နည်းမျိုးစုံ လုပ်လာရဲတာကြောင့် စိုးရိမ်ရပါတယ်”ဟု ၎င်းက ပြောသည်။

ထိုအပြင် မိသားစု စားဝတ်နေရေး အခက်အခဲများ ပိုမိုဆိုးရွားလာနိုင်ပြီး အိမ်တွင်း ပြဿနာများ၊ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးနဲမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။

“ဒေသခံအများစုက စိုက်ပျိုးရေးလုပ်ငန်းနဲ့ စားဝတ်နေရေးအတွက် လည်ပတ်နေကြတာ။ ဒီလို လောင်းကစားဝိုင်းတွေ ရှိနေတော့ သူတို့က ငွေယူပြီး သွားလောင်းကြမယ်။ ရှုံးသွားရင် ပြန်ထူထောင်ဖို့ အရင်းအနှီး မရှိတော့ဘူး။ နေရာတိုင်းမှာ အကြွေးတင်လာမယ်။ ရပ်ကွက်ကျေးရွာအတွင်း ဦးဆောင်နေတဲ့လူတွေက အကျင့်ပျက်ရင် ဒေသတွင်းက လူငယ်တွေကိုလည်း လမ်းမှားရောက်စေနိုင်တယ်”ဟု မိုးနဲမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများ နှင့် ပတ်သက်ပြီး ဒေသခံများက သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ကျေးရွာနှင့် ဒေသအတွင်းရှိ ပြည်သူများ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးရန်နှင့် ဒေသတွင်း လူငယ်များ လမ်းမှားမရောက်စေရန် ကာကွယ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

June 17, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့်...
June 16, 2026
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ...
June 15, 2026
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်...
June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...