MNDAA က စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

MNDAA က စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး လားရှိုးမြို့ရှိ စစ်တပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ထဲသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် စတင်ပြီးနောက် “၁၀၂၇ စစ်ဆင်ရေး”အတွင်း MNDAA ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများထဲမှ လောက်ကိုင်တွင် ထိန်းသိမ်းခံထားရသူ စစ်သုံ့ပန်း (၂၀၀) နီးပါးကို MNDAA ဘက်မှ ထပ်မံ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကိုးကန့်ဘက်က စစ်သုံ့ပန်း ၂၀၀ ကျော် ထပ်လွှတ်ပေးတယ်။ တိုင်းရုံးထဲကို ဒီနေ့ လာပို့သွားတာ။ လောက်ကိုင်ဘက် ဖမ်းထားတဲ့စစ်သားလို့ ပြောတယ်။ လားရှိုး နမ့်ပေါင်ဘက်က သံလွင်စံပြရွာမှာလည်း သုံ့ပန်းတွေ ချုပ်ထားတာ ရှိသေးတယ်၊ အဲ့ဒီက ပါ မပါတော့ မသိဘူး။ တခါတလေ လောက်ကိုင်ကော သံလွင်စံပြဘက်ကော နှစ်နေရာလုံးက လွှတ်ပေးတာရှိတယ်” ဟု လားရှိုးဒေသခံ အဆိုပါ အမျိုးသားက ပြောသည်။

ယခင်က MNDAA ဘက်မှ ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးပိုင်း စစ်သားများကိုသာ ပြန်လွှတ်ပေးခဲ့သော်လည်း ယခုတစ်ခေါက်တွင် အသက်ငယ်ရွယ်သူများလည်း ပြန်လွှတ်လာကြောင်း ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၅ ဧပြီလတွင် တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ MNDAA တပ်ဆုတ်ခွာပြီးနောက် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် စစ်ကောင်စီသုံ့ပန်းများကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် MNDAA ဘက်မှ စစ်သုံ့ပန်း (၇၀) ခန့်ကို ပြန်လွှတ်ပေးခဲ့ပြီး ဖေဖော်ဝါရီ လကုန်ပိုင်းတွင်လည်း စစ်တပ်အရာရှိ အပါအဝင် စစ်သုံ့ပန်း (၂၀၀) ကျော်ကို လွှတ်ပေးခဲ့သည်။

အလားတူ ဇန်နဝါရီလကုန်ပိုင်းတွင် MNDAA ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်း (၅၀၀) ကျော်နှင့် ပေါင်းလိုက်ပါက ၂၀၂၆ နှစ်ဝက်အတွင်း စစ်တပ်ထံ စစ်ကောင်စီတပ်သား သုံ့ပန်း (၁၀၀၀) ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်တပ်ဗိုလ်ချုပ်အချို့ အပါအဝင် စစ်သုံ့ပန်း ထောင်နှင့်ချီ MNDAA ထံ လက်နက်ချ အဖမ်းခံခဲ့ကြပြီး ၎င်းတို့ထဲမှ စစ်သုံ့ပန်းစုစုပေါင်း (၃၀၀၀) ကျော်ကို MNDAA ဘက်မှ ပြန်လွှတ်ပေးခဲ့သည်။

July 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့က...
July 3, 2026
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်တပ်က ၈ လနီးပါးကြာ သည်အထိ...
July 2, 2026
သျှမ်းပြည်တောင်ပိုင်းတွင် စလော့ဂိမ်းကစားသူများကို စတင်ဖမ်းဆီးလာပြီး လမ်းသွားလမ်းလာများ၏...
July 1, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ်...