ကလေး - တမူး စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်နဲ့ချီ အိန္ဒိယဘက်နဲ့ ကလေးမြို့ကို တိမ်းရှောင်နေရ

ကလေး - တမူး စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်နဲ့ချီ အိန္ဒိယဘက်နဲ့ ကလေးမြို့ကို တိမ်းရှောင်နေရ

အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးကားလမ်းကို စစ်ကောင်စီက နှစ်ဘက်ညှပ် ထိုးစစ်ဆင်လာတာကြောင့် တမူးခရိုင် ၊ တမူးမြို့နယ် ကနန်ကျေးရွာနဲ့ ခမ်းပတ်မြို့နေ ဒေသခံပြည်သူအများစုဟာ အိန္ဒိယနဲ့ကလေးမြို့ဘက်ကို တိမ်းရှောင်နေကြရပြီး ကလေးမြို့ဘက်က ထွက်ပြေးတိမ်းရှောင်လာသူတွေ  အိမ်ဌားစရာ မရှိဖြစ်နေကြရတယ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကပြောပါတယ်။

ကနန်ဒေသခံတစ်ဦးက “ ကျမတို့က ကာနန်ဘက်ကကနေ စစ်ရှောင်လာတာ မနေ့တနေ့လောက်ကနေ စပြေးလာတာ။ ဟိုတနေ့ လေယာဉ်ကနေ ဗုံးကြဲတဲ့ချိန်လောက်ကနေ စလို့ ခမ်းပတ်ဘက်သူတွေ တော်တော်များများလည်း ထွက်ပြေးတိမ်းရှောင်ကြတယ်။ ဒီနေ့ဆို ရာဇဂြိုလ်ဘက်ကနေ လမ်းတွေလည်း ပိတ်ကုန်ပြီ။ ကျမတို့နေရာက တမူး - ကလေးကနေ နှစ်ဘက်ညှပ် စစ်ကြောင်းထိုးခံရတာဖြစ်လို့ ခမ်းပတ်၊ ကနန် ဘက်က ဒေသခံအများစု စစ်ဘေးရှောင်နေရတယ်။ အနည်းစုလောက်ဘဲ ကျန်မယ်ထင်တယ်။ အိန္ဒိယဘက် ထွက်ပြေးတာလည်းရှိတယ်၊ ဒီ ကလေးမြို့ကိုလည်း ထွက်ပြေးတိမ်းရှောင်ကြတယ်။ လူတော့ တော်တော်များတယ်ထင်တယ်။ အိမ်ငှားဖို့ အခုထိ ရှာလို့မရသေးဘူး၊ ကလေးမြို့မှာက ဖလမ်းက စစ်ဘေးရှောင်တွေလည်း ရှိနေသေးတော့ အဲဒါကြောင့်လည်း ပါမယ်ထင်တယ်” လို့ပြောပါတယ်။

ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာဘဲ တမူးဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက  တမူး - ခမ်းပတ်မြို့ကြားက နန်းမွန်းတားကျေးရွာကို ပြန်သိမ်းလိုက်ပြီလို့လည်း ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်အတွင်း အိန္ဒိယ - မြန်မာနယ်စပ်တလျှောက် လုံခြုံရေးကိုင်တွယ်မယ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီကို အာမခံခဲ့ပြီး ရက်ပိုင်းအကြာမှာဘဲ စစ်ကောင်စီက အိန္ဒိယ - မြန်မာနယ်စပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့  နန်းမွန်းတားရွာကို ပြန်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ အိန္ဒိယ - မြန်မာနယ်စပ် တစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြောက်ပိုင်း ကလေး - ခမ်းပတ် - တမူး လမ်းမတလျောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို  စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာလည်းဖြစ်ပါတယ်။

June 29, 2026
ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော်...
June 27, 2026
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို...
June 26, 2026
အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးလမ်းမပေါ်က ခမ်းပတ်မြို့နေရာအများစု ထိန်းချုပ်ထားတဲ့...
June 25, 2026
ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာနေ ချင်းလူမျိုး လင်မယား (၂) ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က...