ရှမ်းပြည်နယ်အမြင့်ဆုံးတောင်၌ တန်စတင် တူးဖော်ရန် တရုတ်နှင့် ရုရှား ပြိုင်ဆိုင်

ရှမ်းပြည်နယ်အမြင့်ဆုံးတောင်၌ တန်စတင် တူးဖော်ရန် တရုတ်နှင့် ရုရှား ပြိုင်ဆိုင်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းထားသော တရုတ်ကုမ္ပဏီတခုက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ သတ္တုတွင်းကြီးတခုမှ တန်စတင် (tungsten) ကို စတင်တူးဖော်နေပြီဖြစ်ကြောင်း၊ ရုရှားကုမ္ပဏီတခုက စစ်အုပ်စုနှင့်ပူးပေါင်း၍ တောင်တဖက်ခြမ်းတွင်လည်း အလားတူသတ္တုရိုင်း တူးဖော်ရန် ပြင်ဆင်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဇွန် ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါစီမံကိန်းနှစ်ခုလုံးသည် ထိုင်းနယ်စပ်နှင့် ၂၀ ကီလိုမီတာခန့်အကွာ၊ အမြင့် ၁,၉၇၀ မီတာရှိ မိုင်းတုံမြို့နယ်၏ အမြင့်ဆုံးတောင်ဖြစ်သော လွယ်ခီးလက်တောင်ပေါ်တွင် တည်ရှိသည်။

SHRF ၏ အဆိုအရ တရုတ်သတ္တုတွင်းသည် တောင်ဘက် မိုင်းဆော့ကျေးရွာအုပ်စုတွင်ရှိပြီး ရုရှားစီမံကိန်းကို မြောက်ဘက်တောင်စောင်းတွင် လုပ်ဆောင်ရန် စီစဉ်ထားသည်။ ရှမ်းဘာသာဖြင့် "ခီးလက်" သည် "သတ္တုအနည်အနှစ်" ဟု အဓိပ္ပာယ်ရသည်။

တရုတ်သတ္တုတွင်းသည် ၂၀၂၆ ဖေဖော်ဝါရီတွင် စတင်လည်ပတ်ခဲ့ပြီး တောင်အောက်ပိုင်းကျေးရွာများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကို ထိခိုက်နေပြီဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်အင်ဂျင်နီယာများ လာရောက်စဉ် ဒေသခံများက စစ်တမ်းလုပ်ငန်းများကို စတင်သတိပြုမိခဲ့သည်။ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် လမ်းနှင့် ဥမင်လိုဏ်ခေါင်းများ၊ ၂၀၂၅ ခုနှစ်တွင် ပတ်ဂွတ်ချောင်းပေါ်၌ သတ္တုသန့်စင်စက်ရုံနှင့် ရေလှောင်တမံတို့ကို အသီးသီး တည်ဆောက်ပြီးစီးခဲ့သည်။

သတ္တုတွင်းဧရိယာ သုံး ကီလိုမီတာအတွင်း တရုတ်မန်နေဂျာနှင့် နည်းပညာရှင် ၁၀၀ ခန့်၊ ရှမ်းနှင့် ဗမာအလုပ်သမား ၂၅၀ ခန့် လုပ်ကိုင်နေသည်။ တူးဖော်ရရှိသော ကျောက်တုံးများကို ကြိတ်ခွဲကာ ဓာတုနည်းဖြင့် တန်စတင်မှုန့်အဖြစ် သန့်စင်ပြီးမှ တရုတ်နိုင်ငံသို့ ကုန်းလမ်းဖြင့် တင်ပို့သည်။ စက်ပစ္စည်းများကို မဲခေါင်မြစ်မှတဆင့် တာချီလိတ်အရှေ့ဘက်ရှိ ဝမ်ပုံဆိပ်ကမ်း (နိုင်ငံ၏ အဓိက မဲခေါင်မြစ်ကူး အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဂိတ်) သို့ ရေလမ်းဖြင့် သယ်ယူကာ၊ ထိုမှတဆင့် သတ္တုတွင်းသို့ ကုန်းလမ်းဖြင့် ပို့ဆောင်ခဲ့သည်။

ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူးအပြီးတွင် စစ်အုပ်စုထိန်းချုပ်နယ်မြေဖြစ်သော တာချီလိတ်နှင့် မိုင်းဖြတ်တို့ကို ဖြတ်၍ မိုးကာအုပ် ၁၂ ဘီးတပ် ကုန်တင်ကားတန်းများဖြင့် မိုင်းလားတရုတ်နယ်စပ်သို့ တန်စတင်များ စတင်သယ်ထုတ်ခဲ့သည်။ ထိုနေရာ၌ ရွှေနှင့် ခဲသတ္တုသိုက်များလည်း တွေ့ရှိကြောင်း ဒေသခံများအကြား သတင်းထွက်နေသည်။

အနီးဆုံးဖြစ်သော ဝမ်ဝါကျေးရွာသည် သတ္တုတွင်းအောက် တကီလိုမီတာခန့်အကွာ ပတ်ဂွတ်ချောင်းဘေးတွင် ရှိသည်။ ၂၀၂၅ မှစ၍ ထိုရွာရှိ ကလေးငယ်များ ချောင်းရေထိတွေ့မှုကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေသည်။ ၂၀၂၅ မိုးရာသီအကုန်တွင် သတ္တုတွင်းမှ စီးဆင်းလာသော သဲနှင့် နုန်းများက မိုင်းဆော့အနီးရှိ လယ်ကွင်းများကို ဖုံးလွှမ်းဖျက်ဆီးခဲ့ပြီး၊ ဆည်အသစ်ကြောင့် အောက်ခြေချောင်းရေ ခန်းခြောက်ကာ ရွာသားများ ရေပြတ်လပ်ခဲ့သည်။ ပတ်ဂွတ်ချောင်းသည် သံလွင်မြစ်ထဲ စီးဝင်သော ဂျော့မြစ်အတွင်းသို့ စီးဆင်းသဖြင့် မြစ်အောက်ပိုင်းဒေသများအထိ ရေထုညစ်ညမ်းမှုဒဏ် သက်ရောက်မည်ကို စိုးရိမ်နေကြသည်။

မြောက်ဘက်တောင်စောင်းတွင်မူ ၂၀၂၅ မေလ၌ ရုရှားသုံးဦးက စစ်အုပ်စုစစ်သည်၊ ရဲနှင့် ပြည်သူ့စစ်များ၏ လုံခြုံရေးဖြင့် သတ္တုရှာဖွေခဲ့ကြောင်း SHRF က ဆိုသည်။ ၂၀၂၆ ဇန်နဝါရီ ၂၈ တွင် ရုရှား ၁၀ ဦးခန့်သည် ဒေသခံစစ်တပ် တပ်မှူးနှင့်အတူ မြေတိုင်းရန် ပြန်လည်ရောက်ရှိလာပြီး နေပြည်တော်က တန်စတင်တူးဖော်ခွင့် ချပေးပြီးဖြစ်ကြောင်း ရွာလူကြီးများအား ပြောကြားခဲ့သည်။ ထို့နောက် ဟွေအောကျေးရွာမှ UWSA အုပ်ချုပ်ရေးမှူးက ယင်းစီမံကိန်းကို ကန့်ကွက်ရန် ရွာသားများကို တိုက်တွန်းခဲ့သည်။ ရုရှားတို့သည် အရှေ့မြောက်ဘက် ၁၅ ကီလိုမီတာခန့်အကွာတွင် အန်တီမိုနီ (ခဲမပုပ်) တူးဖော်ခွင့်ကိုလည်း ရရှိထားကြောင်း သိရပြီး ၎င်းသည် ရှမ်းအရှေ့ပိုင်း၌ ပထမဆုံးသော ရုရှားသတ္တုတွင်းစီမံကိန်း ဖြစ်လာမည်ဖြစ်သည်။

တန်စတင်သည် မာကျောသိပ်သည်းပြီး အရည်ပျော်မှတ် အမြင့်ဆုံးသတ္တုဖြစ်သောကြောင့် လေကြောင်းအာကာသ၊ အီလက်ထရွန်နစ်၊ ကာကွယ်ရေးနှင့် သတ္တုတွင်းလုပ်ငန်းများတွင် အဓိကအသုံးပြုသည်။ ကမ္ဘာ့တန်စတင်ဈေးကွက်ကို တရုတ်က လွှမ်းမိုးထားပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၆၇,၀၀၀ ထုတ်လုပ်ကာ ကမ္ဘာ့ထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့သည်။

မိုင်းဆော့သည် ယခင်က ရှမ်း၊ လီဆူနှင့် လားဟူအိမ်ထောင်စုများရှိရာ စိုက်ပျိုးရေးရွာလေး ဖြစ်သည်။ ၁၉၉၄ တွင် စစ်တပ်က မိုင်းတိုင်တပ်မတော် (MTA) ထံမှ ဤနယ်မြေကို သိမ်းယူပြီးနောက် UWSA ကို အခြေစိုက်ခွင့်ပြုခဲ့ကာ ၁၉၉၉-၂၀၀၁ အတွင်း ဝလူမျိုး ၁၄,၀၀၀ ကျော်ကို မိုင်းတုံတောင်ပိုင်းသို့ ပြောင်းရွှေ့အခြေချစေခဲ့သည်။ မူလဒေသခံအများစုမှာ ထိုင်းသို့ ထွက်ပြေးခဲ့ကြပြီး ယခုအခါ ဤရွာကို UWSA နှင့် စစ်အုပ်စုတပ်က ပူးတွဲထိန်းချုပ်ထားသည်။

ရုရှားသည် ရှမ်းပြည်နယ်၌ သတ္တုတူးဖော်ရန် ကာလရှည်ကတည်းက ကြိုးပမ်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံပိုင် Tyazhpromexport ကုမ္ပဏီသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ဖက်စပ်လုပ်ကိုင်ကာ ဟိုပုံးမြို့နယ် ပင်ပက်ဒေသ၌ သံသတ္တုတူးဖော်ရန်နှင့် သံမဏိစက်ရုံတည်ဆောက်ရန် လုပ်ဆောင်ခဲ့သော်လည်း ဒေသခံများ ကန့်ကွက်မှုကြောင့် အကြိမ်ကြိမ် ကြန့်ကြာခဲ့သည်။

June 5, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ...
June 4, 2026
ပါခွီး — ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ လစဥ် ပျှမ်းမျှ ၁၆...
June 3, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်...
June 2, 2026
ယမင်းဖူးပွင့်အောင် — ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို စစ်အုပ်စုတပ်က စစ်ကား အစီး ၂၀၀ ဖြင့်...