ကလေးတွေ ပညာသင်ကြားနိုင်ဖို့ အလံဖြူထောင်ပြီး ကားတွေနဲ့ဖြတ်သန်း

ကလေးတွေ ပညာသင်ကြားနိုင်ဖို့ အလံဖြူထောင်ပြီး ကားတွေနဲ့ဖြတ်သန်း

ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ  ဘေးကင်းလုံခြုံစွာနဲ့ ပညာသင်ဆက်လက်ကြားနိုင်ရေး  ဖားကန့်ဒေသကနေ အခြားမြို့တွေကို ပြောင်းရွှေ့တာတွေ ရှိလာပါတယ်။

မကြာမီကျောင်းဖွင့်ရာသီ ရောက်ရှိတော့မှာဖြစ်ပြီး ဒေသတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် ကျောင်းသားမိဘအချို့ဟာ သားသမီးတွေကို ဘေးကင်းပြီး လွတ်လွတ်လပ်လပ် ပညာသင်ကြားနိုင်ဖို့ အခြားနေရာတွေကို ပြောင်းရွှေ့ပြီး ကျောင်းအပ်နှံဖို့အတွက် ကြိုးစားလာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့  ကာမိုင်း-နန့်ယား-ဖားကန့် လမ်းပိုင်းကို စစ်ရေးအခြေအနေအရ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ဆိုပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကနေ ပိတ်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဖြတ်သန်းသွားလာတဲ့ ကားတွေအနေနဲ့ အလံဖြူထောင်ပြီး သွားလာနေကြရတာပါ။

“အရင်နေ့တွေက အဲဒီလို ဆင်းကြတာမရှိဘူး။အလံဖြူထောင်ပြီး ဆင်းတာ ဒီနေ့ပဲရှိတယ်။ လိုင်းကားတွေ တခြားကားတွေ ဆင်းကြတာတော့ မရှိဘူး။”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပိတ်ထားတဲ့ ကာမိုင်း- ဖားကန့်လမ်းပိုင်းမှာ ဆိုင်ကယ်နဲ့အတက်အဆင်း ပြုလုပ်နေတဲ့သူတွေတော့ ရှိတယ်လို့ဆိုပါတယ်။

ဖြတ်သန်းသွားလာနေတဲ့အချိန် အရပ်သားပြည်သူတွေဖြစ်ကြောင်း အသိပေးဖို့နဲ့ ပစ်ခတ်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကားတွေမှာ အလံဖြူတွေစိုက်ထူပြီး သွားလာရတာဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသအတွင်းမှာ စစ်ရေးတင်းမာမှုတွေ လျော့ကျမသွားဘဲ ပိုမိုတင်းမာလာတဲ့အတွက် ကျောင်းသားမိဘတချို့က သားသမီးတွေကို မြစ်ကြီးနားမြို့ဘက် သွားပို့ကြတာများလာတယ်လို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

ဖားကန့်ဒေသအဝင် လုံးခင်းကျေးရွာမှာ စစ်အုပ်စုပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေတာဖြစ်ပြီး နေ့တိုင်းနီးပါးဆိုသလို လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က လုံးခင်းကျေးရွာမှာရှိနေတဲ့ စစ်အုပ်စုတပ်တွေကို KIA/KPDF ပူးပေါင်းအဖွဲ့ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။ 

ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေ တက်လာကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်း ဖားကန့်ဒေသမှာ စစ်အုပ်စုနဲ့ KIA/KPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ၁၂ တန်းကျောင်းသူ/သားတွေအနေနဲ့ ကာမိုင်းမြို့ဘက် ပြောင်းရွေ့နေထိုင်ပြီး  စာမေးပွဲကို ခက်ခက်ခဲခဲ ဖြေဆိုခဲ့ရပါတယ်။

ဓါတ်ပုံ- စစ်ရေးအရ ပိတ်ထားသည့် လမ်းပိုင်းတွင် လံဖြူထောင်ပြီး ဆင်းလာကြစဉ်။ Photo Credit- Original Owner

ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...