ရဟတ်ယာဉ်ကွင်းအတွက် သိမ်းယူထားသည့်မြေယာများ နစ်နာကြေးမရရှိ

ရဟတ်ယာဉ်ကွင်းအတွက် သိမ်းယူထားသည့်မြေယာများ နစ်နာကြေးမရရှိ
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန် အတင်းအဓမ္မ သိမ်းယူခဲ့ပြီး နစ်နာကြေးတစ်စုံတစ်ရာ ပေးဆောင်ခြင်းမရှိဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက IMNA သို့ ပြောသည်။

ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းအနီး အနံ ၁၅၀ ပေနှင့် အလျား ၃,၀၀၀ ပေ ဧကအားဖြင့် ၁၀ ဧကကျော်ရှိသည့် မြေအရွယ်အစားကို အဆိုပါခြေမြန်တပ်ရင်းမှ ဦးဆောင်၍ ရဟတ်ယာဉ်ကွင်းဆောက်လုပ်နေကြောင်း သိရသည်။

ရဟတ်ယာဉ်ကွင်းမြေဧရိယာအတွင်းရှိ နေအိမ်အပါအဝင် ဥယျာဉ်ခြံများကို ကြိုတင်အကြောင်းကြားခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း တစ်စုံတစ်ရာမလုပ်ဆောင်ဘဲ စက်ယန္တယားများဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု နယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“ တပ်ဘေးက ရာဘာတောကို ရှင်းလိုက်တယ်။ နေအိမ်ဆိုလည်း ဖယ်ခိုင်းတယ်။ ဘဲကွင်းဆိုတဲ့ အများသုံးနေတဲ့ လမ်းကိုလဲ ပိတ်ပစ်လိုက်တယ်။ သူတို့စခန်းနဲ့ ကပ်သီးလေးနီးတယ် ရဟတ်ကွင်းလုပ်တဲ့နေရာက။ ပြီးတော့ သူတို့သိမ်းလိုက်တဲ့ခြံတွေကလဲ ဒေသခံတွေ မလုပ်နေဘူး တောခုတ်လဲမရနေဘူး။ မိုင်းထောင်ထားတော့ ဘယ်သူမှလုပ်မရဲတော့ ပစ်ထားတဲ့ခြံတွေပေါ့။ အခုတော့ သူတို့က သိမ်းသွားတာ ဘာမှလဲမညှိဘူး နစ်နာကြေးလဲ တစ်ပြားမရဘူး ” ဟု နယ်‌မြေအတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်းရေးရဲဘော်တစ်ဦးက ပြောသည်။

နေအိမ်နှင့် ဥယျာဉ်ခြံများ ဖယ်ရှားရှင်းလင်းခံရသည့် ဒေသခံပြည်သူများအတွက် အဆိုပါစစ်ကော်မရှင်တပ်ရင်းမှ အစားထိုးမြေနေရာဖြစ်စေ၊ ထိုက်တန်သည့် နစ်နာကြေးဖြစ်စေ ပေးဆောင်ခြင်းမရှိသေးပေ။

ယခု ရဟတ်ကွင်းသည် တပ်ရင်းအတွက် ထောက်ပို့လုပ်ငန်းများ ပိုမိုလွယ်ကူအဆင်ပြေရန်၊ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နိုင်ရန် အဓိကရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း အခြားတော်လှန်ရေး ရဲဘော်တစ်ဦးက သုံးသပ်သည်။

“ တပ်က သူတို့ရဲ့ကား စစ်ကူရိက္ခာတွေတင်တာ အဆင်မပြေတော့ဘူး။ အဲ့ကြောင့် လေကြောင်းကိုသုံးပြီး ရဟတ်ယာဉ်နဲ့ ပို့မယ်ထင်တယ်။ သူတို့အဲ့ရဟတ်ကွင်းစဆောက်ဖို့ မြိတ်တို့ဘက်ကနေ ကားတွေတက်လာတယ်။ စစ်ကူတွေခေါ်တယ်။ တပ်ဖြန့်နေကြတယ်။ လမ်းပေါ်မှာလည်း လုံခြုံရေးထွက်ယူနေတာ။ တော်လှန်ရေးအဖွဲ့တွေ ဒရုန်းနဲ့ RPG ကို သူတို့လုပ်တဲ့နေရာမှာ တောက်လျှောက်ပြစ်တယ်။ တိုက်ပွဲလည်း တောက်လျှောက်ဖြစ်တယ်” ဟု ပြောသည်။

ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၁) တပ်ရင်းသည် ယခင်က မြေတူးစက်များဖြင့် တပ်စခန်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် မေလ (၃) ရက်နေ့က တစ်ရက်အတွင်း ၅ မိုင်၊ ၆ မိုင်နှင့်‌ဘန်လောဘက်၌ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ခမရ(၅၆၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးဝန်းကျင်သို့ သွားလာခြင်း မပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...
ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...