ရန်ကုန်-ထားဝယ် ကားလမ်းတလျှောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး

ရန်ကုန်-ထားဝယ် ကားလမ်းတလျှောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး

တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ကျေးရွာများကို စစ်တပ်က ဧပြီလနောက်ဆုံးအပတ်မှ စတင်ကာ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနေသည်ဟု ဒေသခံများက ပြောသည်။

မလွှဲတောင်နှင့် ကလိန်အောင်မြို့ကြား စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ ခန့်ပါဝင်သည့် အဆိုပါ စစ်ကြောင်းသည် ဧပြီလ ၂၇ ရက်နေ့က မလွှဲတောင်ဘက်မှ ကျွဲတလင်း ကျေးရွာသို့ ရောက်ရှိလာပြီးနောက် ကလိန်အောင်မြို့ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်းဖြတ်သန်းရာ လမ်းတလျှောက်ရှိ ကျွဲတလင်း၊ သာယာမွန်နှင့် မိုင် ၆၀ ရွာတို့တွင် စစ်တပ် စစ်ကြောင်း က သေနတ်များ၊ လက်နက်ကြီးများဖြင့်ပါ ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကြောင်း၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ မရမ်းချောင်းရွာသားတစ်ဦးက “မေလ ၃ ရက်မှာ စစ်တပ် စစ်ကြောင်း က မလွှဲတောင်ဘက်ကို ပြန်တက်လာတယ်။ အခုက မရမ်းချောင်းရွာဘက်ကို ပြန်ရောက်နေတာပေါ့နော်။ လမ်းကြောင်းတလျှောက်လည်း ပစ်ခတ်ပြီး ဝင်လာတာဗျ” ဟု ပြောသည်။

ယခု စစ်ကြောင်းထိုးခံနေရသည့် မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းသည် ရန်ကုန်မြို့နှင့် တနင်္သာရီတိုင်းကို ချိတ်ဆက်ထားသည့် အဓိကလမ်းမကြီးပေါ်တွင် တည်ရှိပြီး စစ်ရေးအရ ဗျူဟာကျသည့် နေရာဖြစ်သည်။

အလားတူ မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းသည် မွန်ပြည်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားသည့် အဓိက အဝင်တံခါးလည်းဖြစ်ပြီး ရန်ကုန်မြို့မှ ကုန်စည်များ စီးဆင်းရာ အဓိကကုန်သွယ်ရေး သွေးကြောလည်း ဖြစ်သည်။

အဆိုပါလမ်းပိုင်း၌ ကျေးရွာ ၁၀ ရွာကျော် တည်ရှိနေခြင်းကြောင့် စစ်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများက ဒေသခံများက စိုးရိမ်နေကြသည်။

ယနေ့အချိန်ထိ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်တပ်၏ စစ်ကြောင်းလှုပ်ရှားမှုများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ထို့ပြင် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မောတောင်မြို့တွင်လည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

မေလ ၂ ရက်နေ့က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် နှစ်လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်ဆောင်လည်း မီးလောင်ပျက်စီးခဲ့သည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း၌လည်း ထိုင်းစစ်သားများက လုံခြုံရေးများ တင်းကျပ်ထား သည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...