တိုက်ပွဲတွေကြောင့် ဖားကန့်မှာ ကုန်ဈေးနှုန်းမြင့်တက်

တိုက်ပွဲတွေကြောင့် ဖားကန့်မှာ ကုန်ဈေးနှုန်းမြင့်တက်

ဖားကန့်ကျောက်စိမ်းတွင်းဒေသကိုဝင်တဲ့ လမ်းတွေပိတ်ထားတဲ့အပြင် တိုက်ပွဲတွေကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲပေါင်းစုံကို ကြုံတွေ့နေရပါတယ်။

ဖားကန့်ဒေသကို အဓိကကုန်ဝင်နေတဲ့ လမ်းကြောင်းဖြစ်တဲ့ ကားမိုင်-ဖားကန့်လမ်းကို စစ်ရေးအခြေအနေရဆိုပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ပိတ်ထားတာပါ။  အဲဒါကြောင့် တခြားလမ်းကြောင်းဖြစ်တဲ့ ဂွေခါ-အင်းတော်လမ်းကနေ ဖားကန့်ဒေသကို ပြန်ဝင်ရတဲ့အတွက် အချိန်ကြန့်ကြာတာတွေ လမ်းခရီးခက်ခဲတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

" လမ်းပိတ်လိုက်တာက ကုန်ဈေးနှုန်းတွေ ပိုတက်သွားတယ်။ ပြည်သူလည်း လုပ်စားရတာခက်သွားတယ်။ လမ်းထွက်ရင်လည်း ဆီဈေး(ဓါတ်ဆီ) ကများ။ အန္တရာယ်ကများတယ်(တိုက်ပွဲကြောင့်)။" လို့ လုံးခင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဖားကန့်အခြေအနေကို ပြောပြပါတယ်။

ဒါ့အပြင် တခြားလမ်းကြောင်းက ကုန်ကားတွေတက်ခဲ့ပေမဲ့ မိုးတွေရွာထားတဲ့အတွက် လမ်းတွေပျက်စီးနေတာကြောင့် အချိန်ကြန့်ကြာတာတွေ ဖြစ်နေတဲ့အပြင် ဒေသတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်လည်း အခုလို ဈေနှုန်းတွေ တက်သွားတာလို့ လုံးခင်းကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“နှစ်ရက် သုံးရက်လောက်မှရောက်တာ။ အချိန်တွေ နှောင့်နှေးတယ်။ ပြီးရင် စစ်အကြီးအကျယ် ဖြစ်နေတယ်ဆိုတော့ ကုန်ဈေးနှုန်းတွေက တက်ကုန်ပြီလေ။”လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

လက်ရှိ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား နဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အရင်ကထက် ၂ ဆလောက် ဈေးမြင့်တက်နေပြီး ဝက်သား၊ကြက်သား တစ်ပိဿာ(CP) ကျပ်တစ်သိန်းကျော်(၁၂၀,၀၀၀ ခန့်)၊ငါးတစ်ပိဿာ ၆၅,၀၀၀ကျပ်၊ အမဲသားတစ်ပိဿာ ၆၀,၀၀၀ ကျပ် ရှိနေတယ်လို့ သိရပါတယ်။ ဓါတ်ဆီတစ်ဂါလံကို ကျပ် ၇၀,၀၀၀ ဝန်းကျင်အထိ ပေးဝယ်နေတယ်လို့ ဆိုပါတယ်။

ဖားကန့်မှာ ကုန်ကားတွေ အဝင်နည်းသွားတဲ့အတွက် တချို့နေရာတွေမှာ ကုန်ဈေးနှုန်မြင့်တက်နေပေမဲ့ ကုန်စည်တွေဝယ်လို့ရနေသေးပြီး တချို့နေရာတွေမှာတော့ ကုန်စည်ပြတ်လပ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ဒီဘက်မှာက အစားအသောက်တွေ ဈေးအရမ်းမြင့်သွားပြီ။ ကုန်ပစ္စည်းတွေလည်း မဝင်တော့ အရမ်းခက်ခဲနေတယ်။" လို့ ဖားကန့် ဆိုင်းတောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက် ဖားကန့်-နန့်ယား-ကားမိုင်လမ်းပိုင်းကို အများပြည်သူတွေအနေနဲ့ ခရီးသွားလာတာ၊ ယာဉ်ကြီးယာဉ်ငယ်နဲ့ ဖြတ်သန်းသွားလာတာကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ KIA ထုတ်ပြန်ထားခဲ့တာပါ။ အဲဒီနောက်ပိုင်း ဖားကန့်ဒေသမှာ တိုက်ပွဲတွေ စတင်လာပါတယ်။

မေလ ၄ ရက်နေ့က လုံးခင်းကျေးရွာမှာရှိနေတဲ့ စစ်ကော်မရှင်တပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့ကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေ တစ်ကြောင်းပြီးတစ်ကြောင်း တက်လာကြတာ ဖြစ်ပါတယ်။

July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...
June 30, 2026
စိုင်းခေ — ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင်...
June 29, 2026
ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့...
June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...