စစ်တပ်စစ်ကြောင်းများ မော်လူးသို့ ဦးတည်

စစ်တပ်စစ်ကြောင်းများ မော်လူးသို့ ဦးတည်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေသော မော်လူးမြို့သို့ ဦးတည် စစ်ကြောင်းထိုးလာနေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ထိတ်လန့်တိမ်းရှောင်နေကြရသည်။

အင်းတော်နှင့် မော်လူးမြို့ကြားရှိ တုံးလုံကျေးရွာအနီးသို့ စစ်တပ် စစ်ကြောင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောသည်။

“တုံးလုံရွာဘက်ကိုရောက်ပြီလို့သိရတယ်။ မော်လူးမြို့နားပေါ့ ၅ မိုင်၊ ၇ မိုင်ပတ်ချာလည်ပေါ့။ အင်းတော်နဲ့ မော်လူးကြားမှာ အဲ့ရွာက။ မော်လူးမြို့ကိုဦးတည်ပြီး ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကတည်းကထွက်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မော်လူးမြို့သည် အင်းတော်မြို့၏ မြောက်ဘက် မိုင် ၅၀ ခန့်အကွာ၊ မြစ်ကြီးနား-မန္တလေး ဗျူဟာလမ်းမကြီး ပေါ် တွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသည့် မြို့တစ်မြို့ဖြစ်သည်။

အဆိုပါမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ကျောင်းသား တပ်မတော် (ABSDF) နှင့် NUG လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်သည်။

ယခုစစ်ကြောင်းထိုးလာသည့် တပ်ဖွဲ့များသည် ထီးချိုင့်၊ တကောင်း၊ ကသာနှင့် အင်းတော်မြို့တို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ်ရာတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့များဖြစ်ပြီး တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းနှင့် အသေခံ ဒရုန်း (Kamikaze Drone) များကို အမြောက်အမြား အသုံးပြုလေ့ရှိကြောင်း မြေပြင်သတင်းရင်းမြစ်က ဆို သည်။

စစ်ရေးတင်းမာမှု မြင့်တက်လာခြင်းကြောင့် အင်းတော်-မော်လူး လမ်းပိုင်းရှိ ကျေးရွာသားများနှင့် မြို့ပေါ် ဒေသခံများမှာ ကြိုတင်တိမ်းရှောင်နေကြရပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကလည်း ယခုကဲ့သို့ သတိပေးနှိုးဆော်ထားသည်။

“အရပ်သားတွေကိုတော့ အဓိကကတော့ စစ်ကြောင်းနဲ့ဝေးရာကို ရှောင်ကြဖို့မှာ ချင်တယ်။ နီးမှမရှောင်နဲ့ပေါ့ ကြိုရှောင်ထားကြပေါ့လေ။ ပစ္စည်းတွေကြိုရွှေ့ကြပေါ့လေ။ နီးမှရှောင်ရင်တော့ လက်နက်ကြီးတွေ မတော်တဆ ထိတတ်တယ်လေ။ အဓိကကတော့ ရှောင်ကြဖို့ပါပဲ။”

စစ်တပ်သည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် မြို့ရွာများကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် မြောက်ပိုင်းစစ်မျက်နှာတွင် စစ်ရေးအခြေအနေမှာ ပိုမို ပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...