အင်းတော်ကြီးဒေသထဲမှာ လယ်ရောင်းချသူပိုများလာ

အင်းတော်ကြီးဒေသထဲမှာ လယ်ရောင်းချသူပိုများလာ

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက် စရိတ်ကြီးမြှင့်မှုများနဲ့ ပြန်လည်ရင်းနှီးလုပ်ကိုင်နိုင်ဖို့ အရင်းအနှီးရရှိလာခြင်းမရှိမှုတွေကြောင့် "လယ်"ရောင်းချသူတွေများပြားလာတယ်လို့ ဒေသတွင်းနေထိုင်သူများထံမှ သိရပါတယ်။

“ စပါးက လုံးဝဘာမှမကျန်ပါဘူး။ စိုက်လိုက်ရတာအများကြီးပါ့။ မနှစ်က လယ်ထဲကို သိန်းငါးဆယ်လောက်ထည့်ရင်းထားတာ ဘာမှပြန်ရမလာဘူး။ ရိတ်ခြွေခကိုတောင် တစ်ခြားအလုပ်ကနေရှာပြီး ပေးလိုက်ရတာ။ စပါးကနေ ဘာမှပြန်မရဘူး။ ရိတ်ခြွေခတွေကို စပါးကနေသာယူလို့ကတော့ စားဖို့ထမင်းတောင်ကျန်မှာမဟုတ်ဘူး"ဟု အင်းတော်ကြီးဒေသက လယ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။

မကြာသေးမီက ပွင့်လင်းရာသီချိန်မှာ စပါးတစ်တင်းကို ကျပ်တစ်သောင်းကျော်ခန့်သာ စျေးရရှိခဲ့ပြီး စိုက်ပျိုးချိန်ရင်းနှီးခဲ့ရမှုများနဲ့ မကာမိဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။

ပြီးခဲ့နှစ်(၂၀၂၅)ခုနှစ်က မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသအတွင်းမှာ စက်သုံးဆီစျေးနှုန်း ကျပ်(၂၅)သိန်းအထိ အဆမတန်မြှင့်တက်ခဲ့တာဖြစ်ပြီး စပါးစိုက်ပျိုးစရိတ်နဲ့ ရိတ်ခြွေခစျေးနှုန်းတွေ ကြီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် စပါးအထွက်နှုန်းများလည်း လျော့ကျခဲ့ပြီး ယခင် လယ်တစ်ဧကကို တင်း(၇၀)ထွက်သော်လည်း ပြီးခဲ့နှစ်က တစ်ဧက တင်း(၅၀)ခန့်သာ အထွက်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

တချို့တောင်သူတွေက စျေးနှုန်းမြှင့်တက်မှုတွေကြောင့် ဓာတ်မြေသြဇာအသုံးပြုနိုင်ခြင်းမရှိတော့လို့ အထွက်နှုန်းလျော့ကျမှုတွေလည်းရှိခဲ့သလို ယခင်ကတည်းက အော်ဂဲနစ်စိုက်ပျိုးတဲ့တောင်သူတွေလည်း အထွက်နှုန်းလျော့ကျမှုတွေနဲ့ ကြုံနေကြရတာပါ။

“ ဒီနှစ်လည်းဆီကရှားတော့ မလုပ်ဖို့စဉ်းစားကြသေးတယ်။ ဒါပေမယ့် ဘာစားကြမလဲ။ ဒါနဲ့ပဲစားနေရတာဆိုတော့ စားဖို့ကိုတော့လုပ်ကိုလုပ်ရမှာပါ့။ တစ်ခါတစ်ခါစိတ်ပျက်တယ်။ လယ်လုပ်ချင်စိတ်လည်း ကုန်တယ်။ လယ်ကမလုပ်ရင် မြက်တွေအပင်တွေထူလာမယ်။ လယ်ဟန်းသွားမယ်။ သူများကိုငှားလုပ်ခိုင်းရအောင်ကလည်း ဘယ်သူမှမလုပ်ချင်ကြတော့ဘူး။ လယ်ရောင်းတဲ့သူတွေလည်း အများကြီးပါ့” ဟု အင်းတော်ကြီးအရှေ့ကမ်းကျေးရွာက တောင်သူတစ်ဦးက ပြောပြပါတယ်။

ယခုရက်ပိုင်းတွေမှာ ဓာတ်ဆီတစ်လီတာကို ကျပ်(၃)သောင်းကျော်အထိ မနှစ်ကထက် ပိုမိုမြှင့်တက်လာသလို စပါးစျေးနှုန်းတော့ ဆင်းဧကရီ(၃) ဒေသအခေါ် (ချင်းတုံး) ကို တစ်တင်းလျှင် ကျပ်(၂၅၀၀၀) ၊ဧရာမင်းတစ်တင်းကို (၂၇၀၀၀)ကျပ်နဲ့ ငွေတိုးတစ်တင်း (၃)သောင်းကျပ်အထိ အနည်းငယ်စျေးရရှိလာတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွင်း ယခင်က ကျွဲ၊နွားများဖြင့် အသုံးပြုလုပ်ကိုင်ကြပေမယ့် နောက်ပိုင်း စက်ပစ္စည်းတွေနဲ့အသုံးပြုပြီးလုပ်ကိုင်လာတာ (၁၀)စုနှစ်နီးပါးရှိနေပြီးလည်း ဖြစ်ပါတယ်။

နန့်မွန်းမြို့ကနေ အင်းမြှီးဒေသအဝင်လမ်းပိုင်းဖြစ်တဲ့ အင်းတော်ကြီးမြို့ဂိတ်အဝင်အထွက်ကိုစစ်တပ်က ဖေဖော်ဝါလကနေပိတ်ပင်ခဲ့ပြီး ဖွင့်လှစ်ပေးခြင်းမရှိသေးသလို ဒေသတွင်းကိုဝင်ရောက်နိုင်တဲ့ ဖားကန့်မြို့နယ် ကာမိုင်းလမ်းပိုင်းကိုလဲ ယခုဧပြီလမှာ KIA+PDF ပူးပေါင်းအဖွဲ့များက ဖြတ်သန်းခွင့်ပိတ်ထားပါတယ်။

ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice
April 28, 2026
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်ကနေ ငါးနှစ်အကြာပိတ်ထားတဲ့ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ...
April 25, 2026
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က PDF တပ်ဖွဲ့ဝင်ထားပြီး...
April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...