နှစ် ၃၀ ကြာ ဆုံးရှုံးခဲ့သော ကဘောတူ စခန်းကို KNU ပြန်သိမ်း

နှစ် ၃၀ ကြာ ဆုံးရှုံးခဲ့သော ကဘောတူ စခန်းကို KNU ပြန်သိမ်း

ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၅) နယ်မြေဖြစ်သော ဖာပွန် (မူတြော်) ခရိုင်အတွင်း စစ်တပ် ၏ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် ဗျူဟာမြောက် အရေးပါသည့် ကဘောတူစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၂၅ ရက်နေ့တွင် အပြီး သတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကဘောတူတပ်စခန်းသည် ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်း တည်ရှိပြီး ၁၉၉၇ ခုနှစ်ခန့်မှစ၍ စစ်တပ် က နှစ်ပေါင်း ၃၀ နီးပါး ကျူးကျော်အခြေစိုက်ထားသည့် စခန်းဖြစ်သည်။

စခန်းမကျစေရန် စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများ အဆက်မပြတ် ပြုလုပ်ခဲ့သော်လည်း KNLA ပူးပေါင်း တပ်များက ဝိုင်းဝန်းပိတ်ဆို့ကာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တပ်မဟာ (၅) နယ်မြေတွင်းရှိ သတင်းရင်းမြစ်တစ်ဦးက “ကဘောတူ စခန်းကို သိမ်းလိုက်ပါပြီဗျ။ မြေပြင်မှာ အားလုံးက အောင်ပွဲခံနေကြပြီ။ ဒီစခန်းမသိမ်းခင်က နေ့တိုင်းလိုလို စခက လေယာဉ်နဲ့ ဗုံးကြဲတာရှိတယ်။ သိမ်း တာက ဧ ပြီ ၂၅ ရက်နေ့ ၁၂ ဝန်းကျင်မှာတော့ အပြီးသတ်သိမ်းနိုင်ခဲ့တာပါ” ဟု ပြောသည်။

စခန်းသိမ်းပိုက်မှုအတွင်း လက်နက်မျိုးစုံ ၁၈ လက်ထက်မနည်း သိမ်းဆည်းရမိခဲ့ပြီး ၎င်းအထဲတွင် ငါးကြင်းမြီး ဟုခေါ်သည့် စက်သေနတ် ၂ လက်နှင့် ၆၀ မမ လက်နက်ကြီး ၁ လက်တို့ ပါဝင်ကြောင်း၊ စစ်တပ် လက်အောက်ခံ တပ်သား အချို့၏ အလောင်းများကို တွေ့ရှိရသည့်အပြင် အချို့မှာ ထွက်ပြေးသွားကြကြောင်း ကရင်စစ်ရေးသတင်း ရင်းမြစ်များက ဆိုသည်။

ကဘောတူစခန်းသည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းကလည်း KNU ဘက်မှ ပထမတစ်ကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသော်လည်း ထိုစဉ်က ပြန်လည်ဆုတ်ခွာပေးခဲ့သဖြင့် စစ်တပ်က နေရာ ပြန်ဝင်ယူကာ တပ်စွဲထားခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ဒေသခံများ၏ လုံခြုံရေးအတွက် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး စခန်း သိမ်း ပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဖာပွန် (မူတြော်) ခရိုင်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း KNLA မဟာမိတ်ပူးပေါင်းတပ်များက စစ်တပ် စခန်း ပေါင်း ၇၀ နီးပါးအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ရာ လက်ရှိတွင် ဖာပွန်ခရိုင်အတွင်း၌ စစ်တပ်၏ ဖာပွန်ဗျူဟာကုန်း အပါအဝင် တပ်စခန်း ၁၀ ခုခန့်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါ ဖာပွန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရန် KNLA ဘက်မှ ဆက်လက် ပိတ်ဆို့တိုက်ခိုက်နေပြီး၊ စစ်တပ်ဘက်မှလည်း နယ်ခြားစောင့်တပ် (BGF) အင်အားများကို အသုံးပြု၍ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသဖြင့် ဒေသတွင်း စစ်ရေးတင်းမာမှုများ ပိုမိုပြင်းထန်လာသည်ဟု ဆိုသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...