တနင်္သာရီမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာ စစ်ရှောင်နေရ

တနင်္သာရီမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာ စစ်ရှောင်နေရ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကစလို့ ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာ လမ်းပိုင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အဲဒီလမ်းပိုင်းရှိ ကျေးရွာတွေက ဒေသခံတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရတာပါ။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကော်မရှင် စစ်ကြောင်းဟာ တနင်္သာရီမြို့ပေါ်ကနေ ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှတဆင့် ငါးမိုင်၊ ခြောက်မိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဧပြီ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့ကလည်း ငါးမိုင်ကျေးရွာနဲ့ ခြောက်မိုင်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်တာတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ငါးမိုင်၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ ထုံထော်၊ ကျွဲထိန်းကုန်းစတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံတွေ ကြိုတင်ထွက်ပြေးတိမ်ရှောင်နေကြသလို ကျေးရွာအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အရင်က စစ်ကြောင်းထိုးရင် စစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားပြည်သူတွေကို စစ်ကော်မရှင်တပ်က ဖမ်းဆီးတာတွေ လုပ်ဆောင်လေ့ရှိပေမယ့် လက်ရှိမှာတော့ ဖမ်းဆီးတာတွေမရှိတဲ့အပြင် ကျေးရွာအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေကိုလည်း အပြင်မထွက်ခိုင်းဘဲ နေအိမ်အတွင်းမှာ နေခိုင်းထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းရှိမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် အဲဒီလမ်းပိုင်းတွေ အသုံးမပြုကြဖို့နဲ့ ဘေးကင်းရာကို ကြိုတင်ပြောင်းရွှေ့ကြဖို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ဧပြီ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Most read this week

ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...