မြဝတီ မင်းလက်ပံရွာကို စစ်တပ် မီးလောင်ဗုံးတွေ ထပ်မံကြဲချ

မြဝတီ မင်းလက်ပံရွာကို စစ်တပ် မီးလောင်ဗုံးတွေ ထပ်မံကြဲချ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို ဝေါ်လေမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဧပြီ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်နားမှာရှိတဲ့ မင်းလက်ပံရွာထိပ်က စစ်ရှောင်စခန်းဟောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတစ်ကြိမ်၊ ညနေပိုင်းမှာ မီးလောင်ဗုံးတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ထပ်ပြီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

မင်းလက်ပံရွာထိပ်မှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် လူထိခိုက်တာတော့မရှိပေမယ့် စစ်ဘေးရှောင်တွေနေထိုင်ခဲ့ဖူးတဲ့ တဲဟောင်းနေရာမှာတော့ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်က မင်းလက်ပံရွာကို မီးလောင်ဗုံးတွေနဲ့ အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့ပြီး ဒေသခံတစ်ဦးရဲ့ အဆိုအရ အိမ်ခြေအလုံးပေါင်း ၃၀ ထက်မနည်း လောင်ကျွမ်းပျက်စီးသွားပြီလို့ ဆိုထားပါတယ်။

မင်းလက်ပံရွာအပါအဝင် ဖလူးကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က လပေါင်းများစွာကြာတဲ့အထိ မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်နေပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်က အထိနာနေပြီး ရှေ့ကိုတိုးလို့မရဘဲ အကြိမ်ကြိမ်ပြန်ဆုတ်ခဲ့ရတာပါ။

ဒါကြောင့် ရှေ့ဆက်တိုးမရတဲ့ စစ်ကော်မရှင်တပ်က ကျေးရွာတွေနဲ့ အရပ်သားပြည်သူအပေါ်ပစ်မှတ်ထားပြီး ပစ်ကွင်းရှင်းလုပ်ဆောင်တာဖြစ်နိုင်သလို တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့အတွက်ကြောင့်လည်း လိုက်လံရမ်းသမ်းပစ်ခတ်နေတာတို့ ဖြစ်နိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

ဒါအပြင် မြဝတီမြို့တောင်ဘက်အစွန်ဆုံး ထိုင်းနယ်စပ်နားက ဝေါ်လေဗျူဟာစခန်းကနေ ဧပြီ ၂၀ ရက်နေ့က စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ဝေါ်လေမြို့ထဲကို ပစ်ခတ်ခဲ့ရာ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးတချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဝေါ်လေဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားပြီး စစ်တပ်က လေကြောင်းအသုံးပြုကာ တိုက်ခိုက်မှုတွေအပြင် ရိက္ခာ၊ စစ်လက်နက်ပစ္စည်းတွေကို စခန်းကုန်းဆီ ချပေးနေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...