ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းက ကျောင်းသား (၆) ဦးကို ပညာသင်ဆု ထောက်ပံ့မည်

ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းက ကျောင်းသား (၆) ဦးကို ပညာသင်ဆု ထောက်ပံ့မည်
ပုံ-ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်း
ပုံ-ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်း

ပုပ္ဖဟံသာ ပညာရေးဖောင်ဒေးရှင်းမှ အဆင့်မြင့်ပညာရေးအတွက် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိနေသော ကျောင်းသား (၆) ဦးကို ပထမဆုံးအကြိမ်အဖြစ်ပညာသင်ဆု (Scholarship) ထောက်ပံ့ပေးသွားရန်ရှိကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူများက IMNA သို့ ပြောကြားသည်။

အဆိုပါ အစီအစဉ်တွင် ပါရဂူဘွဲ့ (PhD) ကျောင်းသားတစ်ဦး၊ မဟာဘွဲ့ (M.A) ကျောင်းသားတစ်ဦး၊ဝိဇ္ဇာဘွဲ့ (B.A)ကျောင်းသားတစ်ဦးနှင့် ဒီပလိုမာကျောင်းသား ၃ ဦးတို့ကို ပညာသင်ဆု ထောက်ပံ့ရန် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ “ဒီလိုထောက်ပံ့တာမျိုးက မွန်လူမျိုးထဲမှာ နည်းသေးတယ်။ ဦးဇင်းတို့ကိုယ်တိုင်လည်း ကျောင်းတက်ခဲ့တဲ့သူတွေဆိုတော့ ကျောင်းသားတွေရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးခြင်းအားဖြင့် ပညာရေးရဲ့တန်ဖိုးကို အများပြည်သူတွေ ပိုမိုသိရှိလာစေချင်သလို၊ ကိုယ့်ဒေသအသီးသီးမှာလည်း ဒီလိုမျိုး ပညာရေးထောက်ပံ့မှုတွေ လိုက်လုပ်လာကြဖို့ ရည်ရွယ်ပါတယ်” ဟု ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်း နာယကချုပ် ဆရာတော် ပုပ္ဖဟံသာက မိန့်ကြားသည်။

ပြီးခဲ့သည့်ဇန်နဝါရီလက ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းနှင့် မဟာကျူလာလောင်ကွန်းတက္ကသိုလ်ဌာနအောက်ရှိ ပညာရေးဌာနများ၊ ကောလိပ်များကြား MOU စာချုပ်ဆိုထားပြီး အဆင့်မြင့်ပညာရေးအတွက် ပညာသင်ကြားရန်ခက်ခဲနေသည့် မွန်ဒေသခံများကို ပညာသင်ဆုပေးနိုင်ရန် စတင်လှုပ်ရှားလာခဲ့သည်။

ပညာသင်ဆုများကို မဟာချူလာလောင်ကွန်းတက္ကသိုလ်၏ ကုန်ကျစရိတ်နှုန်းထားများအပေါ် အခြေခံတွက်ချက်ထားသော်လည်း ရွေးချယ်ခံကျောင်းသားများသည် မိမိတို့တက်ရောက်လိုသည့် မည်သည့်တက္ကသိုလ်တွင်မဆို ပညာသင်ကြားခွင့်ရှိကြောင်းသည်ဟု တာဝန်ရှိသူများက ပြောသည်။

လာမည့် မေလပထမအပတ်တွင် ပညာသင်ဆုရွေးချယ်ခြင်းအတွက် ရေးဖြေစာမေးပွဲနှင့် လူတွေ့မေးမြန်းခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူအမည်စာရင်းများကို မေလဒုတိယပတ်အတွင်း သံဖြူဇရပ်မြို့၌ ကျင်းပမည့် နွေရာသီမွန်စာပေသင်တန်းဆင်းပွဲအခမ်းအနားတွင် ကြေညာပေးသွားမည်ဖြစ်သည်။

"လျှောက်ထားမယ့်သူတွေဟာ မွန်လူမျိုး ဖြစ်ရမှာဖြစ်သလို မွန်စာပေနဲ့ ဘာသာစကားကိုလည်း ကျွမ်းကျင်ရပါမယ်။ ဒါ့အပြင် ပညာသင်ယူပြီးသွားတဲ့အခါမှာလည်း မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ အမျိုးဘာသာ၊ သာသနာနဲ့ အများအကျိုးအတွက် ဖောင်ဒေးရှင်းနဲ့အတူ ပြန်လည်လုပ်ဆောင်ပေးနိုင်မယ့်သူတွေ ဖြစ်ရပါမယ်"ဟု ဆရာတော် ပုပ္ဖဟံသာက မိန့်ကြားသည်။

ပညာသင်ဆုကို စိတ်ပါဝင်စားသူ လူ၊ ရဟန်း၊ သာမဏေနှင့် သီလရှင်များ လျှောက်ထားနိုင်ကြောင်းလည်း ကြေညာထားသည်။

ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းသည် ပရိယတ္တိပညာရေးဆိုင်ရာ၊ တက္ကသိုလ်ပညာရေး၊ မွန်အမျိုးသားပညာရေးနှင့် ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများကို ကူညီထောက်ပံ့ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

၎င်းအပြင် အခမဲ့ပညာဒါန သင်တန်းများ၊ နွေရာသီမွန်စာပေသင်တန်းများကို ဒေသအခြေပြု၍ အစဉ်တစိုက် ဖွင့်လှစ်ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့တစ်ခုလည်းဖြစ်သည်။

June 1, 2026
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီ-မဲဆောက်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို...
May 30, 2026
ပေါင်မြို့နယ်၊ သဗြုချောင်းကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ...
May 29, 2026
တနင်္သာရီမြို့နယ် မောတောင်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးစဉ်...
May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...