မွန်မှာ စက်သုံးဆီတွေကို ဘားကုတ်စနစ်နဲ့ အမြန်ဆုံးရောင်းချဖို့ ညွှန်ကြား

မွန်မှာ စက်သုံးဆီတွေကို ဘားကုတ်စနစ်နဲ့ အမြန်ဆုံးရောင်းချဖို့ ညွှန်ကြား

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီတွေကို ဘားကုတ်စနစ်နဲ့ အမြန်ဆုံး ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ကြဖို့ အာဏာသိမ်း သမ္မတခန့် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma Power Internation Port Terminal ဆိပ်ကမ်းကို သွားရောက်စဉ် သူ့လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် အခုလို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီရရှိဖို့အတွက် တန်းစီ ဝယ်ယူနေရတာကို တွေ့ရတာကြောင့် တန်းစီ စောင့်ဆိုင်းနေရတာတွေ နည်းပါးသွားအောင် ဆောင်ရွက်ဖို့လည်း ညွှန်ကြားခဲ့ပါသေးတယ်။

မွန်ဒေသခံ တစ်ဦးကတော့ စက်သုံးဆီတွေကို တခြား ဒေသတွေမှာ ဘားကုတ် စနစ်နဲ့ ရောင်းနေတာကြောင့် တန်းစီ စရာမလိုဘဲ ဝယ်လို့ရနေပေမယ့် မွန်ပြည်နယ်မှာတော့ ဘားကုတ်စနစ် မရှိသေးတဲ့အတွက် ကျပ်တည်းနေတုန်းပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၄ ရက်/၅ ရက်တုန်းက ကျွန်တော် တောင်ကြီးသွားတာ ဟိုဘက်ခြမ်းမှာကျတော့ တန်းလည်း မစီဘူး။အေးဆေး အဆင်ပြေ နေရောပဲ။မန္တလေးတိုင်းတို့က ကန့်သတ် လီတာနဲ့ကို QR ကုတ် ဖတ်လိုက်တယ်။ ဒီနေ့ တစ်ရက်စာကို ၂၅ လီတာ ဆိုလို့ရှိရင် ၂၅ လီတာပဲ။ တန်းတော့ မစီထိဘူး။အဆင်ပြေတယ်။ကျွန်တော်တို့ မွန်ပြည်နယ် ဝင်လာတာ ဆီဆိုင်တွေက အကုန်ပိတ် တစ်ဆိုင်မှ မဖွင့်ဘူး။ ဆီကတော့ ကျပ်တည်း နေတုန်းပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် ဘားကုတ် စနစ်မရှိတာကြောင့် မွန်ပြည်နယ်မှာ လက်ရှိအချိန်ထိ အချိန်ကြာမြင့်စွာ ညအိပ်တန်းစီ ဝယ်ယူနေရဆဲ ဖြစ်သလို သတ်မှတ် လီတာ မရှိဘဲ နှုန်းထား တစ်ခုသာ သတ်မှတ်ပြီး ရောင်းချတဲ့အတွက် အဆင်မပြေ ဖြစ်နေရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း သမ္မတခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ စက်သုံးဆီတွေကို ယာဉ်တွေအတွက် သာမကဘဲ မိုးရာသီ စိုက်ပျိုးရေးအတွက်ပါ စက်သုံးဆီ ရရှိဖို့ ကြိုတင် ဆောင်ရွက်ထားဖို့နဲ့ စက်သုံးဆီ ပြတ်လပ် မသွားစေဖို့အတွက် လက်ရှိ အခြေအနေအတိုင်း ထိန်းသိမ်းထားဖို့ ညွှန်ကြားထားပါတယ်။

တောင်သူတစ်ဦးကတော့ မိုးရာသီ စိုက်ပျိုးရေးအတွက် မပြောနဲ့ လက်ရှိ စက်သုံးဆီ မရတဲ့ အတွက် စပါးတွေ ဆုံးရှုံးမယ့် အခြေအနေနဲ့ ကြုံတွေ့ နေရသလို ဒီအတိုင်း ဆက်သွားပါက မိုးရာသီမှာ စပါး မစိုက်ပျိုး နိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လယ်သမားတွေမှာ အခက်အခဲက တော်တော် ဖြစ်နေတယ်။ဖြစ်တာမှ ဘယ်လောက်ထိ အခက်အခဲ ဖြစ်လည်းဆိုတော့ တန်းစီတိုးတယ်။ရေသွင်းရမယ့် စပါးတွေ ဆိုရင် မမှည့်သေးတဲ့ စပါးတွေဆိုရင် ရေမသွင်းတော့ရင် စပါးတွေ ရှုံးကုန်မှာပေါ့။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် မိုးရာသီမှာ ဆီမရှိရင် ဒီလယ်တွေကို ဘယ်လိုလုပ်ပြီး ထွန်ယက်မလဲ။ တကယ့် ကျွန်တော်တို့ လယ်သမားတွေ လယ်တွေ မထွန်ယက် နိုင်ဘူး၊ စပါးတွေ မစိုက်ပျိုးနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တာပေါ့”လို့ ဆိုပါတယ်။

လက်ရှိ ဒေသတွင်းရဲ့ စက်သုံးဆီ ဈေးနှုန်းဟာ တစ်နိုင်ငံလုံးရဲ့ ဈေးနှုန်း အမြင့်ဆုံးတန်းမှာ ရှိနေပြီး အခုလို ဈေးနှုန်း အမြင့်ဆုံးတန်းမှာ ရှိနေရတာဟာ သီလဝါ ဆိပ်ကမ်းလို စက်သုံးဆီ တင်သွင်းသူတွေကို ဗဟိုဘဏ်က ဒေါ်လာ မ‌ရောင်းပေးတာကြောင့်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ဒေသတွင်းမှာတော့ စက်သုံးဆီဆိုင် အများစုဟာ အချိန်ပိုင်းသာ ရောင်းချနိုင်တာ၊ မကြာခဏ ဆိုသလို ပြတ်လပ်တာ အပြင် လိုအပ်တဲ့ စက်သုံးဆီ အမျိုးအစား တွေကို ဝယ်ယူလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ နေရတာပါ။

မွန်ပြည်နယ်မှာတော့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကစတင်ပြီး လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ရရှိတာ၊ စုံ၊ မ စနစ် ကန့်သတ်ချက်နဲ့ ဝယ်ယူရတာ၊ အချိန်ကြာမြင့် တန်းစီ ဝယ်ယူရတာတွေကြောင့် လူမှုစီးပွားဘဝ ကဏ္ဍ အသီးသီး ထိခိုက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

April 20, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...
April 11, 2026
မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...
ဓာတ်ပုံ-CJ
April 10, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်လာပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို...
ဓာတ်ပုံ - Social Media
April 9, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ...