လူပေါင်း ၄ ထောင်ကျော်လွှတ်ဟု စစ်အစိုးရ လိမ်ညာ

လူပေါင်း ၄ ထောင်ကျော်လွှတ်ဟု စစ်အစိုးရ လိမ်ညာ

စစ်အစိုးရ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ကိန်းဂဏန်းမှာ အတုအယောင်သာဖြစ်ဟု နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူများက ပြောသည်။

သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က အကျဉ်းသား ၄,၃၃၅ ဦး လွှတ်ပေးမည်ဟု ကမ္ဘာကို ကြေညာခဲ့သော်လည်း၊ မြေပြင်တွင် အမှန်တကယ် လွတ်မြောက်လာသူမှာ ၁,၆၈၆ ဦးသာ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြုသည်။

စစ်အစိုးရ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်သည် ကိန်းဂဏန်းများဖြင့် နိုင်ငံတကာကို လိမ်လည်လှည့်ဖြားကာ ၎င်းတို့၏ ယိမ်းယိုင်နေသော နိုင်ငံရေးပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းသည့် ‘နိုင်ငံရေးမျက်လှည့်’ တစ်ခုသာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူများက ပြောသည်။ 

ထိုသို့ ကိန်းဂဏန်းများ သိသိသာသာ ကွာဟနေခြင်းမှာ နိုင်ငံတကာကို ပုံမှန်အခြေအနေရှိနေသယောင် လှည့်စားခြင်းဖြစ်သည်ဟု ဆိုသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက “ဒီတစ်ခေါက် လွတ်ငြိမ်းဟာ အတုအယောင်အစိုးရက နိုင်ငံရေးပုံရိပ်အတွက် အသုံးချတဲ့ အယောင်ပြလုပ်ရပ်ပါ။ နိုင်ငံရေးအကျဉ်းသားဆိုရင်လည်း လွှတ်တယ်ဆိုရုံလောက်ပဲ ထည့်ပေးထားတယ်။ သေဒဏ်ကနေ တစ်သက်တစ်ကျွန်း၊ တစ်သက်တစ်ကျွန်းကနေ နှစ် ၄၀ စသဖြင့် ပြစ်ဒဏ်လျှော့ပေါ့တယ်လို့ ထုတ်ပြန်ပေမဲ့ တကယ့်မြေပြင်မှာ လွတ်လာသူအရေအတွက်က အင်မတန်နည်းပါတယ်” ဟု ထောက်ပြသည်။

ထို့ပြင် “နှစ်ဆန်း ၁ ရက်နေ့ လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေထဲမှာ ၅၂ နဲ့ ပတ်သက်တဲ့ အမှုတွေ တော်တော်များများ ပါဝင်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က လွှတ်ပေးခဲ့တဲ့ ၅၀-ညတွေ၊ ၅၂-ကတွေ နာမည်စာရင်းပါပြီးတော့ လွတ်ဖို့ကျန်သေးတဲ့သူတွေရှိတယ်။ အဲဒီလူတွေက ဒီတစ်ခေါက်မှာ ပြန်ပါလာနိုင်တယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ပြန်မပါလာတာကို တွေ့ရပါတယ်” ဟု မရောင်နီလင်းက ဆက်ပြောသည်။

အမှန်တကယ် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၂၉၂ ဦးထဲတွင် ဦးဝင်းမြင့်၊ ဒေါက်တာတင်မင်းထွဋ် နှင့် ရှင်ဒေဝီ တို့ကဲ့သို့ လူသိများသူအချို့ကိုသာ ထည့်သွင်းပေးခြင်းမှာလည်း နိုင်ငံတကာ၏ ဖိအားကို လျှော့ချရန်အတွက် ရည်ရွယ်သည့် ‘ဓားစာခံလဲလှယ်မှု’ သက်သက်သာဖြစ်ကြောင်း ဝေဖန်ခံနေရသည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ၏ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက “အခုလို ကိန်းဂဏန်းတွေကို လိမ်လည်လှည့်ဖြားတဲ့ လုပ်ရပ်တွေအပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း သိရှိလာပြီဖြစ်တယ်ပေါ့နော်။ ဒီဘက်က တော်လှန်ရေးအင်အားစုတွေ၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားအရေးကို လုပ်ဆောင်တဲ့ အဖွဲ့တွေဘက်ကလည်း ဒေတာအချက်အလက်နဲ့ ဖော်ထုတ်တာဖြစ်တဲ့အတွက် နိုင်ငံတကာကလည်း သိလာပြီဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးမှသာ စစ်မှန်သော ‘အရွေ့’ တစ်ခု ဖြစ်လာမည်ဟု သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း စစ်အစိုးရတပ်သည် ၎င်းတို့ကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံအဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း ဧပြီ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ယခုကဲ့သို့ စစ်အစိုးရတပ်၏ လိမ်လည်မှုများကို ယုံကြည်ခြင်းမရှိဘဲ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာပြန်လည်လွှဲပြောင်းပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးရန် ဆက်လက်တောင်းဆိုနေကြသည်။

April 21, 2026
မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့်...
April 20, 2026
ချီဖွေ– ပန်ဝါကြား မြေရှားလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး လုပ်သားတစ်ဦး‌သေဆုံးသွားတယ်လို့...
April 11, 2026
စစ်ကိုင်းတိုင်း– ကချင်အစပ်က ကသာမြို့မှာ ကူးတို့ဆိပ်လိုင်းတစ်ခုကို လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ...
April 9, 2026
နော်ထွယ့်(ဟူးကောင့်) — တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ...