ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ ဖြစ်သော်လည်း စီမံခန့်ခွဲမှုအလွဲများကြောင့် အဆင်မပြေသေးဘဲ အခက်ကြုံနေရဆဲသည်ဟု မြို့ခံများက ပြောသည်။
ပုသိမ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ၌ QR Code စနစ်ဖြင့် စတင်ရောင်းချခဲ့သည့် ၆ ရက်တာကာလ အတွင်း စီမံခန့်ခွဲမှု အလွဲအချော်များနှင့် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ဒေသခံယာဉ်မောင်း များနှင့် အခြေခံလူတန်းစားများ အလုပ်ပျက်အကိုင်ပျက်ဖြစ်ကာ အခက်ကြုံနေကြရသည်။
ပုသိမ်မြို့တွင် ဧပြီလ ၄ ရက်နေ့မှစတင်ကာ ယာဉ်အမျိုးအစားအလိုက် တစ်ပတ်စာ လီတာခွဲတမ်းသတ်မှတ်၍ QR Code စနစ်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်သော်လည်း လက်တွေ့မြေပြင်တွင် ဆီတိုင်ကီဆန့်ပမာဏနှင့် သတ်မှတ်ခွဲတမ်း ကိုက်ညီမှုမရှိခြင်းကြောင့် ပြည်သူများ နစ်နာမှုများရှိနေသည်။
အသက် ၄၀ ကျော်အရွယ် အိုးဝေယာဉ်မောင်းတစ်ဦးက “တစ်ပတ်ကို ၂၅ လီတာ သတ်မှတ်တယ် ဝယ်လို့ရ မယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ တိုင်ကီက ၆ လီတာ၊ ၆ လီတာခွဲလောက်ပဲ ဆန့်တာ။ ၃ ခါထုတ်မှ အများဆုံး ၁၉ လီတာပဲ ရတယ်။ ကျန်တဲ့ ၆ လီတာက ဆိုင်မှာ မထုတ်ရဘဲနဲ့ ဆုံးသွားပြီ။ အဲဒီတော့ သုံးဖို့က မလုံလောက်တော့ ဘူး” ဟု ပြောသည်။
အလားတူ ဆိုင်ကယ်များအတွက်လည်း တစ်ပတ်လျှင် ၈ လီတာဖြင့် ၂ ကြိမ် ခွဲယူရန် ခွင့်ပြုထားသော်လည်း အများစုစီးနင်းသည့် ဆိုင်ကယ်တိုင်ကီငယ်များမှာ ခွဲတမ်းပါပမာဏကို တစ်ကြိမ်တည်းနှင့် အပြည့်မဆန့်ခြင်း ကြောင့် ခွဲတမ်းအချို့ ဆုံးရှုံးနေရသည်ဟု ဆိုကြသည်။
ဆိုင်ကယ်တက္ကစီသမားတစ်ဦးက “PCX တို့ ဗိုက်ပူတို့ကတော့ ၄ လီတာဆန့်တယ်၊ အဲဒါက လူနည်းစုပဲရှိတာ။ အများစုက တိုင်ကီသေးတွေဆိုတော့ တစ်ပတ်ကို ၂ လီတာလောက်စီ ဆုံးရှုံးနေရတယ်။ အဲဒီဆီတွေက မှောင်ခို ဈေးကွက်ထဲ ရောက်ကုန်ပြီး တိုင်စီသမားတွေက ဈေးကြီးပေး ပြန်ဝယ်နေရတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် QR စနစ်ကြောင့် ဆီရရှိရန် နေပူအောက်တွင် ၃ နာရီမှ ၄ နာရီအထိ အချိန်ပေး တန်းစီနေရပြီး စုံ/မ ရက်ခွဲခြားမှုများကြောင့်လည်း စားဝတ်နေရေးအတွက် ပြေးလွှားနေရသည့် ယာဉ်မောင်းများမှာ အချိန်ကုန် လူပန်းဖြစ်နေကြရသည်။
ကုန်ကားယာဉ်မောင်းတစ်ဦးကလည်း “တစ်ပတ်မှ လီတာ ၁၅၀ ပဲရတာ၊ အဲဒါကို တစ်နာရီလောက် တန်းစီပြီး ထုတ်ရတာတောင် ၅၀ လီတာပဲ ရမယ်တဲ့။ နောက်တစ်ကြိမ်ကျမှ ဆီနည်းလို့ မပေးနိုင်ဘူးဆိုရင် ကျနော်တို့ပဲ ဆုံးရှုံးဦးမယ်။ စိတ်ညစ်ဖို့ အတော်ကောင်းတယ်၊ ဘယ်လိုမှ အဆင်မပြေပါဘူး” ဟု ပြောသည်။
ထို့ပြင် လိုင်စင်ရှိသော်လည်း QR Scan ဖတ်၍မရသည့် ယာဉ်အသစ်ပိုင်ရှင်များမှာ ပြင်ပမှောင်ခိုဈေးကွက်တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ ခန့်အထိ ပေးဆောင်ဝယ်ယူနေရကြောင်း ဆိုသည်။
စက်သုံးဆီဆိုင် တာဝန်ရှိသူအချို့ကမူ ဆိုင်ကယ်နှင့် အိုးဝေများကို သတ်မှတ်ရက်အတိုင်းသာ ထုတ်ပေးမည်ဖြစ် ပြီး တိုင်ကီနှင့်မဆန့်ပါက ပုံးများဖြင့် ထုတ်ပေးမည်မဟုတ်ဘဲ လက်ကျန်ခွဲတမ်းကို ကုန်ဆုံးသည်ဟုသာ သတ်မှတ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ဧရာဝတီတိုင်းအတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သည့် လယ်သမားများနှင့် ကမ်းရိုတန်း ငါးဖမ်းလုပ်ငန်းရှင်များမှာ လည်း ဆီဆိုင်ကြီးများတွင် ဆီဝယ်ယူ၍ မရနိုင်တော့ဘဲ ဖြစ်နေသည်။
ထို့ကြောင့် ပြင်ပမှောင်ခိုဈေးကွက်တွင် အဆမတန် မြင့်တက်နေသည့် ဈေးနှုန်းများဖြင့် ဝယ်ယူနေရသဖြင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။
ယခုကဲ့သို့ ဧပြီလအတွင်း အပူရှိန်မြင့်တက်မှုနှင့်အတူ စက်သုံးဆီ အကျပ်အတည်းပါ ပေါင်းစပ်လာခြင်းကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုအပေါ်ပါ ထိခိုက်မှုများ ရှိလာနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်နေကြသည်။







