သင်္ကြန်အကြိုကာလ စစ်တွေ - ရန်ကုန် လေယာဉ်လက်မှတ် ဈေးမြင့်တက်

သင်္ကြန်အကြိုကာလ စစ်တွေ - ရန်ကုန် လေယာဉ်လက်မှတ် ဈေးမြင့်တက်

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ စစ်တွေမှ ရန်ကုန်သို့ ပျံသန်းနေသည့် လေယာဉ်ခရီးစဉ်များ၏ လက်မှတ်ဈေးနှုန်းများလည်း ယခင်ထက် ပိုမိုမြင့်တက်နေကြောင်း သိရသည်။

သင်္ကြန်အကြို ကာလအတွင်း ခရီးထွက်သူများ ယခင်ထက် ပိုမိုများပြားလာခြင်း၊ လေယာဉ်ဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် လေယာဉ်လက်မှတ်များ ဝယ်ယူ၍ မရနိုင်ဖြစ်နေကာ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေ- ရန်ကုန် ခရီးစဉ်လက်မှတ်တစ်စောင်ကို ငွေကျပ် ၁၀ သိန်းဝန်းကျင်ဖြစ်ပြီး ရန်ကုန်-စစ်တွေ ခရီးစဉ်ဆိုလျှင် ငွေကျပ် ၉ သိန်းဝန်းကျင်ရှိနေကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နိုင်ငံတဝန်း လေယာဉ်ဆီ ဈေးနှုန်းများ မြင့်တက်လာကာ ရခိုင်ပြည်ခရီးစဉ် လေယာဉ်ဈေးနှုန်းများလည်း နှစ်ဆပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

“ အခက်အခဲတွေကတော့ အမျိုးမျိုးပါ။ လမ်းခရီးကလည်း အရင်နဲ့မတူဘူး။ လေယာဉ်လက်မှတ်တွေကလည်း ဈေးတက်တယ်။ အရင်က သုံးလေးသိန်း၊ အဲဒီကဆင့် ၈ သိန်း၊ ၉ သိန်း၊ ဆယ်သိန်းဖြစ်လာတော့ လုံးဝ အဆင် မပြေတဲ့ အခြေအနေ တစ်ခုကို ရောက်သွားပြီ။ တိုက်ပွဲဖြစ်လို့ ဈေးကြီးတယ်။ လေယာဉ်ဆီပြတ်လို့ လေယာဉ် အထွက် ကြန့်ကြတာကြောင့် ဈေးတက်တယ်လို့ ထင်တယ် ” ဟု စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်၍ ရခိုင်ပြည်လေကြောင်းလိုင်း လေယာဉ်ဈေးနှုန်းများသည် အခြားလေကြောင်းလိုင်းများထက် ဈေးနှုန်းမြင့်တက်နေသဖြင့် စစ်တွေမြို့ခံများမှာ လူမှုရေး၊ ပညာရေးစသည့် ကဏ္ဍများ၌ ဆိုင်းငံ့ထားရသည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

စစ်ရေးပြင်းထန်လျှင် စစ်တွေမြို့တွင် ထွက်ပေါက်အဖြစ် လေကြောင်းလိုင်းတစ်ခုသာရှိနေပြီး ယခုကဲ့သို့ လေယာဉ်လက်မှတ် ဈေးနှုန်းများမြင့်တက်နေခြင်းသည် မြို့ခံများအတွက် စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်နေကြောင်း သိရသည်။

“ လေယာဉ်လက်မှတ်ဈေးကတော့ သင်္ကြန်နီးလို့လား၊ စက်သုံးဆီကြောင့် ဈေးတက်တာလားဆိုတာ မပြောတတ်ဘူး။ အခုတော့ ၉ သိန်းကျော် ရှိတယ်။ System ( ဌာန) ဈေးနှုန်းက ဒီလောက်မများဘူး။ တစ်ဆင့်ခံ ယူရောင်းကြတဲ့ သူတွေဆီက ဝယ်ရင်တော့ ဈေးပိုပေးရတယ်။ စစ်တွေမှာ ထွက်ပေါက်က လေကြောင်းလိုင်းတစ်ခုပဲ ရှိတာလေ။ အခုလို ဆက်တက်နေရင်တော့ စိုးရိမ်မိတယ် ” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်လေယာဉ်ဈေးနှုန်းများ မြင့်တက်လာလျှင် ကျန်းမာရေး၊ လူမှုရေး အခြားကိစ္စများနှင့် ရန်ကုန်သွားမည့် ရခိုင်ဒေသခံများမှာ အခက်အခဲနှင့် ပိုမိုကြုံတွေ့ရနိုင်ကြောင်း စစ်တွေဒေသခံများက ဆိုကြသည်။

၂၀၂၃၊ နိုဝင်ဘာလတွင် စစ်ကောင်စီသည် ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းခရီး နှစ်ခုလုံးကို ပိတ်ဆို့ထားသည့်အတွက် ရခိုင်ဒေသခံများမှာ ပြည်မဘက်သို့ လေကြောင်းလိုင်းကို အသုံးပြုကာ စစ်ဘေးရှောင်နေကြရသည်။

စစ်အာဏာမသိမ်းမီအချိန်တွင် စစ်တွေ-ရန်ကုန်ခရီးစဉ်သည်ငွေကျပ် ၁ သိန်းအောက်သာ ရှိခဲ့သော်လည်း ၂၀၂၄ တွင် ငွေကျပ် ၄ သိန်းအထိမြင့်တက်ခဲ့ကာ အခုနှစ်အတွင်းတွင် ငွေကျပ် ၉ သိန်းကျော် ၁၀ သန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

ပုံစာ - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မြင်ကွင်းတစ်ခုအား ၂၀၂၃ ခုနှစ် မေလက တွေ့ရစဉ်။ ဓာတ်ပုံ- Myanmar National Protal

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...