ဝန်ကြီးစာရင်းတွင် အငြိမ်းစား ဗိုလ်ချုပ်ဟောင်း အများအပြားပါနေ

ဝန်ကြီးစာရင်းတွင် အငြိမ်းစား ဗိုလ်ချုပ်ဟောင်း အများအပြားပါနေ

အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများ အများအပြား ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အမည်စာရင်းကို သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

ယခုကဲ့သို့ အမည်စာရင်း တင်သွင်းမှုသည် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲမှ တစ်ဆင့် ပေါ်ပေါက်လာ သည့် အတုအယောင် အစိုးရသစ်ကို စစ်ဘက် အသိုင်းအဝိုင်းမှ လူဟောင်းများဖြင့်သာ ပြန်လည်ဝန်းရံလိုက်ခြင်း လည်း ဖြစ်သည်။

ယခု တင်သွင်းလိုက်သည့် ဝန်ကြီးစာရင်းကို ကြည့်ပါက ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာကဲ့သို့သော အရေးကြီးဝန်ကြီးဌာနများ သာမက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဝန်ကြီးဌာနများတွင်ပါ စစ်တက္ကသိုလ် အသီးသီးမှ ဆင်းသက်လာသည့် အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဗိုလ်မှူးချုပ်ဟောင်းများကိုသာ အဓိကထား အသုံးပြုထားသည်ကို တွေ့ရသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက ယခုအစိုးရသစ် ဖွဲ့စည်းပုံအပေါ် ယခုကဲ့သို့ မှတ်ချက်ပြုသည်။ 

“ဒါဟာ အရပ်သား တစ်ပိုင်း အစိုးရလို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်းတော့ စစ်တပ်ကလူတွေ စုပေါင်းပြီး အုပ်ချုပ်မယ့် ပုံစံမျိုးပါပဲ။ အသွင်ပြောင်း ဗိုလ်ချုပ်ဟောင်းတွေနဲ့ပဲ ဝန်းရံထားတော့ မူဝါဒပိုင်းမှာ ထူးခြားတဲ့ ပြောင်းလဲမှု မျိုးထက် စစ်တပ်ရဲ့ ထိန်းချုပ်မှုကိုပဲ ဆက်သွားမယ့် သဘောရှိပါတယ်။”

ဝန်ကြီးစာရင်းတွင် လက်ရှိဝန်ကြီးအဟောင်း ၂၀ ကျော်ကို ပြန်လည်အမည်တင်သွင်းထားပြီး ၎င်းတို့အနက် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ (ပြည်ထဲရေး)၊ ဗိုလ်ချုပ်ကြီးထွန်းအောင် (ကာကွယ်ရေး) နှင့် ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ် (နယ်စပ်ရေးရာ) တို့ကဲ့သို့သော လက်ရှိစစ်ဖက်တာဝန်ယူထားသူများလည်း ပါဝင်နေသည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဦးမျိုးဇော်သိမ်း၊ ဦးခင်မောင်စိုးနှင့် ဦးမောင်မြင့် တို့ကိုလည်း ဝန်ကြီးအဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်း ထားသည်။

နေပြည်တော်မှ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက “အစိုးရအဖွဲ့ထဲမှာ ပါလာတဲ့သူတွေက အရင်စစ်တပ်ထဲ မှာလည်း အတူတူ ဖြတ်သန်းခဲ့ကြတဲ့သူတွေ များတယ်။ ဒါကြောင့် သမ္မတနဲ့ ဝန်ကြီးတွေကြားမှာ အမိန့်နာခံမှု အပိုင်းကတော့ အားကောင်းနေဦးမှာပဲ။ ပြည်သူတွေ တကယ်လိုလားတဲ့ အရပ်သားပညာရှင်တွေ ပါဝင်မှုက တော့ အရမ်းကို နည်းနေတာ တွေ့ရတယ်” ဟု ပြောသည်။

အမည်စာရင်း တင်သွင်းခံရသူများထဲတွင် အသက်အကြီးဆုံးအဖြစ် အသက် ၈၁ နှစ်အရွယ် ဒေါက်တာ သက်သက်ဇင် (အမျိုးသမီးရေးရာ) ပါဝင်ပြီး၊ ဒေါက်တာကံဇော် (ဘဏ္ဍာရေး)၊ ဒေါက်တာသီတာဦး (ဥပဒေရေးရာ) နှင့် ဒေါက်တာသက်ခိုင်ဝင်း (ကျန်းမာရေး) တို့ကဲ့သို့သော လက်ရှိဝန်ကြီးများကိုလည်း ၎င်းတို့၏ နေရာဟောင်းများတွင်သာ ဆက်လက်ထားရှိရန် အဆိုပြုထားသည်။

ယခုတင်ပြထားသည့် ဝန်ကြီးလောင်းများနှင့် ပတ်သက်၍ ကန့်ကွက်လိုသည့် ကိုယ်စားလှယ်များရှိပါက လုပ်ထုံးလုပ်နည်းအရ အမည်စာရင်းပေးသွင်းနိုင်ပြီး၊ လာမည့် ဧပြီလ ၉ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုသွားမည်ဟု ဆိုသည်။

စစ်ဗိုလ်ချုပ်ဟောင်းများဖြင့်သာ ပြန်လည်ဖွဲ့စည်းထားသည့် အစိုးရသစ်သည် ဒေသတွင်း တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်မည်ထက် စစ်အာဏာရှင်ယန္တရားကိုသာ ဆက်လက် အသက်သွင်းသွားမည့်အပေါ် ပြည်တွင်းပြည်ပမှ ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိပြီး၊ အဆိုပါ အစိုးရ၏ တရားဝင်မှုအပေါ်တွင်လည်း လူထုက ယုံကြည်မှု ကင်းမဲ့နေကြသည်။

ဓါတ်ပုံ - MOI

April 8, 2026
မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်ကော်မရှင် ကြိုးပမ်းမှုမှာ လူတစ်စု၏ အကျိုးစီးပွားအတွက် ဒေသခံများကို...
April 7, 2026
ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီပြတ်လပ်မှုနှင့်...
March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...