ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်း ကုမ္ပဏီကို စစ်ကော်မရှင် အမည်ပျက်စာရင်းသွင်း

ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်း ကုမ္ပဏီကို စစ်ကော်မရှင် အမည်ပျက်စာရင်းသွင်း

ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို အမည်ပျက်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ဧပြီ ၅ရက်ထုတ် စစ်ကော်မရှင် ထိန်းချုပ် သတင်းစာတွင် ဖော်ပြသည်။

ထူးထရိတ်ဒင်း ကုမ္ပဏီ လီမိတက်နှင့် အဆိုပါ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် ခရိုနီ ဦးတေဇ၊ အစ်ကိုဖြစ်သူ ဦးသီဟ၊ ဦးတေဇ၏ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇ၊ ဦးမိုးသက်တင်နှင့် ဦးရာဇာထွေးတို့ကို အမည်ပျက်စာရင်း (Blacklist)သွင်းကြောင်း စစ်ကော်မရှင်က ကြေညာသည်။

ပို့ကုန်ကုမ္ပဏီများအနေဖြင့် အာရှနိုင်ငံများသို့ ကုန်တင်ပို့ပါက ရက် ၃၀ အတွင်း၊ အခြားနိုင်ငံများသို့ တင်ပို့ပါက ရက် ၆၀ အတွင်း ပို့ကုန်ရငွေများကို မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် စစ်ကော်မရှင်က သတ်မှတ်ထားသည်။

ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂၈၇ ခုသည် အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

ပို့ကုန်ရငွေ ထည့်သွင်းရန် ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ တနှစ်ထက် မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဟု စစ်ကော်မရှင်က ထည့်သွင်းပြောသည်။

အာဏာသိမ်းကာလအတွင်း ပို့ကုန်ရငွေ မပေးသွင်းသည့် ကုမ္ပဏီများ အမည်ပျက် စာရင်းသွင်းခြင်းအပြင် မြန်မာပြည် ဝင်၊ ထွက်ခွင့် တားဆီးခြင်းများလည်း ပြုလုပ်ခံနေရသည်။

စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလည်း အမည်ပျက်စာရင်း သွင်းခံရဖူးပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလထဲတွင် ပို့ကုန်ရငွေစာရင်းရှင်းလင်းပြီးသည့်အတွက်ဟုဆိုကာ အမည်ပျက်စာရင်းမှ ပြန်ပယ်ဖျက်ပေးခဲ့သည်။

လက်ရှိ အမည်ပျက်စာရင်းသွင်းခံရသည့် ခရိုနီ ဦးတေဇသည် စစ်အုပ်စုနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူဖြစ်သည်။

၎င်း၏ ထူးကုမ္ပဏီအုပ်စုသည် စစ်အုပ်စုအတွက် ဘဏ္ဍာငွေ ၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လျက်ရှိပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား အားပေးကူညီလျက်ရှိသည့် စစ်တပ်၏ နိုင်ငံတကာစီးပွားရေးကွန်ရက်တွင် အရေးပါသည့် ဆက်ထုံးကုမ္ပဏီတခုဖြစ်ကြောင်း Justice for Myanmar (JFM)က ထုတ်ပြန်ထားဖူးသည်။

ပို့ကုန်ရငွေသည် စစ်ကော်မရှင်အတွက် နိုင်ငံခြားငွေရရှိနေသည့် အဓိကလမ်းကြောင်းများထဲမှ တခုဖြစ်သည်။ လက်ရှိတွင် စစ်ကော်မရှင်ထံ ပို့ကုန်ရငွေများ၏ ၁၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး တဒေါ်လာလျှင် ကျပ် ၂,၁၀၀ ဖြင့်လှဲလှယ်ပေးနေရပြီး ကျန် ၈၅ ရာခိုင်နှုန်းကို AD လိုင်စင်ရဘဏ်များတွင် လဲလှယ်ရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...