မြစ်ဆုံစီမံကိန်း အပြီး ဖျက်သိမ်းရန် ကချင်လူ့အခွင့်အရေးကွန်ရက် တောင်းဆို

မြစ်ဆုံစီမံကိန်း အပြီး ဖျက်သိမ်းရန် ကချင်လူ့အခွင့်အရေးကွန်ရက် တောင်းဆို
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။

အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို အပြီး ဖျက်သိမ်းရန် ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကွန်ရက်က ဧပြီ ၁ ရက်က ထုတ်ပြန် တောင်းဆိုလိုက်သည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ သဘောထားဆန္ဒများကို အပြည့်အဝ လေးစားလိုက်နာရန်၊ စီမံကိန်းအပေါ် ကန့်ကွက်သည့် ပြည်သူများအပေါ် အရေးယူမည်ဟု ခြိမ်းခြောက်နေမှုများကို ချက်ချင်း ရပ်တန့်ရန်လည်း အဆိုပါ ကွန်ရက်က တောင်းဆိုထားသည်။

အစိုးရအဆက်ဆက် ရပ်ဆိုင်းထားခဲ့သည့် မြစ်ဆုံရေကာတာ စီမံကိန်းကို စစ်ကော်မရှင်က ယခု ပြန်လည်စတင်ရန် ကြိုးပမ်းလာမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ဖော်ပြသည်။

“နိုင်ငံရေးမတည်ငြိမ်သော အချိန်၌ အခွင့်ကောင်းယူကာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် လုပ်ဆောင်ခြင်းသည် အများပြည်သူနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ သဘောထားများကို လုံးဝ လျစ်လျူရှုရာရောက်သည်” ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သိန်းနှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေရချိန်တွင် မြစ်ဆုံစီမံကိန်းကြောင့် နောက်တဖန် ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်ရမည့်အရေးကို လွန်စွာ စိုးရိမ်ကြောင်းလည်း ဆိုထားသည်။

ကာလကြာရှည်စွာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ယခုကဲ့သို့ မြစ်ဆုံဆည် တည်ဆောက်ရန် ကြိုးပမ်းခြင်းသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအကြား ယုံကြည်မှု ပိုမိုကင်းမဲ့စေမည့်အပြင် နောင်တွင် မလိုလားအပ်သော ပဋိပက္ခများကို မီးစထိုးပေးရာရောက်စေသည်ဟုလည်း အဆိုပါ ကွန်ရက်က ပြောသည်။

ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကွန်ရက်သည် ကချင်ပြည်နယ်ရှိ ပြည်သူများ၏ လူ့အခွင့်အရေးဆိုင်ရာကို ကာကွယ်၊ မြင့်တင် ပေးနိုင်ရန်ရည်ရွယ်ပြီး အဖွဲ့ဝင် ခြောက်ဖွဲ့ဖြင့် ၂၀၂၅ ခုနှစ်မှစတင်ကာ ဖွဲ့စည်းခဲ့သော ကွန်ရက် ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းကို စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သည်။ လက်ရှိတွင် အာဏာသိမ်း စစ်ကော်မရှင်က ပြန်ပြီး အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကာ စီမံကိန်းများကို ကန့်ကွက်ပါက အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာဘူမိသိပ္ပံပညာရှင်များကလည်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ငလျင်အန္တရာယ်မြင့်မားသည့် မြစ်ဆုံတွင် ရေကာတာဆောက်ရန် လုံးဝမသင့်တော်ကြောင်းသတိပေးထုတ်ပြန်ခဲ့သည်။

April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...