ကလေးမြို့တွင် ခရစ်ယာန်သင်္ချိုင်းအုတ်ဂူများ ကျပ် ၅ သောင်းစီဈေးတက်

ကလေးမြို့တွင် ခရစ်ယာန်သင်္ချိုင်းအုတ်ဂူများ ကျပ် ၅ သောင်းစီဈေးတက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင် သင်္ချိုင်းအုတ်ဂူများ ကျပ်ငွေ ၅ သောင်းစီဈေးတက်သွားသည်ဟု သိရသည်။

ခရစ်ယာန်သုသာန် ကော်မတီသည် ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းနှင့် လုပ်အားခ များ မြင့်တက်လာမှုကြောင့် သုသာန် အသုံးပြုခနှုန်းထားများကိုလည်း လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ အမျိုးအစား အလိုက် ကျပ် ၅ သောင်းစီ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ခရစ်ယာန်သုသာန်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ယခင်နှုန်းထားများအပေါ် အခြေခံကာ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဟု သိရပြီး ကလေးသင်္ချိုင်းအုတ်ဂူ- ၂ သိန်းကျပ်၊ လူကြီးသင်္ချိုင်း- ၂ သိန်းခွဲကျပ်နှင့် အထူးသင်္ချိုင်း (Special)- ၅ သိန်းခွဲကျပ် စသည်ဖြင့် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ နှုန်းထားများကို ၆ လကြာ စမ်းသပ်ကောက်ခံသွားမည်ဖြစ်ပြီး၊ အခြေအနေပေါ်မူတည်၍ ပြန်လည်သုံးသပ်မည်ဟု လည်း သိရသည်။

ယခုကဲ့သို့ သုသာန်အသုံးပြုခများ တိုးမြှင့်လိုက်ခြင်းသည် ဒေသတွင်း အဘက်ဘက်မှ ကုန်ဈေးနှုန်းကြီးမြင့်နေမှု၏ ရိုက်ခတ်မှုတစ်ခုဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

ကလေးမြို့ရှိ ချင်းအမျိုးသားဒေသခံတစ်ဦးက “အခု သုသာန်ခက တက်တယ်ဆိုတာ ဟုတ်ပါတယ်။ အရင် ၂ သိန်းတန်ဆို အခု ၂ သိန်းခွဲပေါ့။ ကလေး၊ လူကြီး၊ အထူး အကုန်လုံး ၅ သောင်းစီ တက်သွားတာ။ အခု ကျွန်တော်တို့က ဆီတစ်ဂါလံကို ၅ သောင်းနဲ့ ဝယ်နေရပြီဆိုတော့ သုသာန်တင်မကဘူး၊ ကလေးမြို့မှာ အစားအသောက် ဟင်းသီးဟင်းရွက်ကအစ အကုန် တက်နေတာ။ ကုန်သွယ်ရေးကအစ ဘာမဆို အကုန်တက်တော့ အခုနောက်ပိုင်း နေရေးထိုင်ရေး အရမ်းခက်ခဲနေတယ် ဆိုတာကလွဲပြီး ပြောစရာမရှိပါဘူးဗျာ။” ဟု ပြောသည်။

လက်ရှိတွင် သုသာန်ရုံးခန်းကို ဝင်းအတွင်းသို့ ပြောင်းရွှေ့ဆောက်လုပ်နေဆဲဖြစ်ရာ ဧပြီလ ၁ ရက်နေ့မှစတင်၍ ရုံးခန်း မပြီးမချင်း အသုံးပြုခများကို သုသာန်စောင့်ထံတွင် တိုက်ရိုက်ပေးဆောင်ရမည်ဟု ဆိုသည်။

ထို့ပြင် သင်္ချိုင်းနံပါတ်စစ်ဆေးခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း သုသာန်ဝင်းအတွင်း၌ပင် တစ်နေရာ တည်းတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကော်မတီ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...