တစ်လကျော်ကြာ ပိတ်ထားသည့် မြိတ်-ထားဝယ် ကားလမ်းပိုင်း ပြန်သွားလာခွင့်ပြု

တစ်လကျော်ကြာ ပိတ်ထားသည့် မြိတ်-ထားဝယ် ကားလမ်းပိုင်း ပြန်သွားလာခွင့်ပြု

တစ်လကျော်ကြာ ပိတ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းကို မတ်လ ၂၇ ရက်နေ့ကစပြီး ပြန်လည်သွားလာခွင့်ပြုနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လုပ်ဆောင်နေခြင်းကြောင့် လုံခြုံရေးအခြေအနေအရ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။

ဒေသခံတို့၏ ပြောပြချက်အရ ပိတ်ထားသည့် မြိတ်-ထားဝယ်ကားလမ်းပိုင်းကို မတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ပြန်လည်သွားလာနေကြသည်ဟု ဆိုသည်။

“ကားလမ်း ဖွင့်ပြီးလို့ ပြောတယ်။ ဘယ်သူ ဘယ်အဖွဲ့က ပေးသွားလဲတော့ မသိဘူး။ သူများတွေ အသွားအလာလုပ်နေကြပြီး ၂၇ ရက်နေ့ နေ့လယ်လောက်ကတည်းက သွားလာနေကြတာ ဒီနေ့အထိပဲ။ နောက်ရက်တွေက ဆက်ဖွင့်မလား၊ ပြန်ပိတ်မလားတော့ မသိသေးဘူး။ အခု ကျွန်မတို့လည်း ပုလောရောက်နေတယ်။ မြိတ်သွားဖို့ ကားစီးနေတုန်းပဲ” ဟု မြိတ်-ထားဝယ် ကားလမ်းအသုံးပြုနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်-ထားဝယ်ကားလမ်းပိုင်း ပြန်ဖွင့်သည်နှင့် ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် အချို့သော ယာဉ်များက အသွားအလာ မပြုလုပ်ရဲကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လမ်းဖွင့်တာက တရားဝင် မကြေညာသေးဘူးဆိုတော့ ဘယ်လို အပြောင်းအလဲ ဖြစ်ဦးမလဲ မသိသေးဘူး။ ပိတ်မိနေတဲ့ကားတွေ တော်တော်များများက အတက်အဆင်းလုပ်နေကြတယ်။ ပြောရရင် အရဲစွန့်ပြီး သွားနေကြတာ။ အခြေအနေက မတည်ငြိမ်သေးဘူး။ လမ်းကလည်း အချိန်မရွေး ပြန်ပိတ်သွားနိုင်တယ်။ အချို့ဆို အသွားအလာ မလုပ်ရဲကြသေးဘူး။ အရေးမကြီးရင်တော့ မသွားတာပဲ ကောင်းပါတယ်။ အခြေအနေကိုတော့ စောင့်ကြည့်နေတုန်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြိတ်-ထားဝယ်ကားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်သည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံ လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) က ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ လမ်းပိုင်းပိတ်ထားစဉ် နှစ်ဖက်ပစ်ခတ်မှုများအကြား ယာဉ်မောင်းနှင့် ခရီးသွားအချို့ ထိခိုက်ဒဏ်ရာရရှိမှုများ၊ လူပျောက်ဆုံးမှုများ ဖြစ်ပွားနေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်သည့် သတင်းများကို စောင့်ဆိုင်းပြီး သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့တို့က တိုက်တွန်းပြောဆိုထားသည်။

မြိတ်-ထားဝယ် အမှတ် (၈) လမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့သည့် မတ်လ ၁၁ ရက်နေ့ကစပြီး အဆိုပါလမ်းပိုင်းတစ်လျှောက်ကို စစ်ကော်မရှင်တပ်တို့က နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေသည့်အတွက် တိုက်ပွဲပြင်းထန်လာခဲ့သည်။

March 30, 2026
မွန်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ်ခုနှစ်သောင်းကျော်အထိ...
March 28, 2026
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် ရေနံနှင့် လောင်စာဆီ အကျပ်အတည်း...
March 27, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မြဝတီကုန်သွယ်ရေးဇုန်နှင့် အာရှလမ်းပိုင်း...
March 26, 2026
“ကျနော်ကလေး မွန်စကားမတတ်မှာစိုးလို့ သင်ပေးတာကနေ စာသင်ခန်းတစ်ခု ဖြစ်လာတာ” ဒါကတော့...