ဟားခါးတွင် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသတ်ဖြတ်

ဟားခါးတွင် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသတ်ဖြတ်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် သွားလာနေသည့် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးကာ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) က မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်နေ လူငယ် ၃ ဦးသည် လေသေနတ် (Air Gun)တွင် အသုံးပြုသည့် မှန်ပြောင်း(Scope)တစ်ခုနှင့်အတူ မိသားစုကိစ္စဖြင့် မြို့ပြင်သို့ ထွက်ခွာလာစဉ် GTI ကျောင်းအောက်ဘက်ရှိ စစ်တပ်ခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်း၏ နေအိမ်အနီး၌ ဖမ်းဆီးခံခဲ့ကြရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CDF-Hakha တာဝန်ရှိသူတစ်ဦးက “ သူတို့က နှီလ်လောန်းရွာဘက်သွားမယ်၊ ငှက်လဲပစ်မယ်ဆိုပြီးတော့ Air gun မှာသုံးတဲ့ Scope တစ်ခုပါတယ်။ စစ်တပ်ဘက်က စစ်ဆေးတဲ့အခါ အိတ်ထဲကနေ Scope ကို တွေ့ သွားလို့ သတ်ပစ်တာဖြစ်မယ်လို့ ယူဆရတယ်။ ဦးကောလ်လျန်ထန်းအိမ်နားကနေ ဖမ်းတာဆိုတော့ အဲဒီမှာ လုံခြုံရေး တာဝန်ကျတဲ့သူတွေ ဖမ်းတာပဲဖြစ်ဖို့များပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များကို စစ်ကော်မရှင်တပ်က တရားဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းခြင်းမျှ မပြုလုပ်ဘဲ ရိုက်နှက် သတ်ဖြတ်ခဲ့သည့်အပြင် လက်ရှိအချိန်ထိ ရုပ်အလောင်းများကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း သိရသည်။

“အခုထိ အလောင်းပြန်မရသေးဘူး။ ဟားခါးက ပါစတာ (သင်းအုပ်ဆရာ) တွေက ပြန်တောင်းမယ်လို့တော့ ပြောတယ်။ ပြန်ရမလားတော့ မသိသေးဘူး” ဟု CDF-Hakha တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

သတ်ဖြတ်ခံရသော လူငယ်များကို တော်လှန်ရေးသမားများအဖြစ် ပုံမှားရိုက်ရန်အတွက် ရိုင်ဖယ်သေနတ်များကို အလောင်းများအနီးတွင် တမင်တကာ အကွက်ဆင်ချထားကာ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့အောင် လုပ် ဆောင်ခဲ့ခြင်းသည် အမှန်တရားကို ဖုံးကွယ်လိုသည့် စစ်အာဏာရှင်များ၏ ယုတ်မာသော လိမ်လည်မှုဖြစ်ကြောင်း CDF-Hakha က ဆိုသည်။

ဤကဲ့သို့ လူမဆန်သည့် လုပ်ရပ်များအတွက် ကျူးလွန်သူများအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးထားပြီး၊ ဟားခါးမြို့ပေါ်ရှိ ပြည်သူများနှင့် လူငယ်များအနေဖြင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးသတ်ဖြတ်မှုများကို အထူး သတိပြုကြရန်နှင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

သေဆုံးသွားသည့် လူငယ်များ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းလည်း CDF-Hakha က ထုတ်ပြန်သည်။

May 30, 2026
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် လက်ရှိကာလအတွင်း မင်းတပ်မြို့ပေါ်တွင်...
May 29, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီး (Lungpi) ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသည့်...
May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...