ရခိုင်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာ

ရခိုင်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာ

ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။

ယခုမတ်လအစပိုင်းတွင် ငွေထုတ်ခ ၂% သာရှိခဲ့ရာမှ ယခုမတ်လကုန်ပိုင်းတွင် ၃% မှ ၃.၅% အထိ မြင့်တက်လျက်ရှိသည်ဟု ငွေထုတ်ယူသူများနှင့် ငွေလွဲှငွေထုတ်လုပ်ကိုင်သူများက ပြောသည်။

ငွေထုတ်ခရာနှုန်းများသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး ရာနှုန်းတက်သွားလျှင် ငွေထုတ်သူများအတွက် အခက်အခဲဖြစ်ရသည်ဟု ဆိုကြသည်။

ငွေထုတ်ခ ရာနှုန်းသာ သက်သာလျှင် စားဝတ်နေရေးအတွက် အထောက်အကူဖြစ်နိုင်ပြီး အဆင်ပြေနိုင်ကြောင်း ရခိုင်မှ မမျိုးသဉ္ဇာဌေးက နိရဉ္စရာကို ပြောသည်။

"ထုတ်ခလည်း အများကြီးမပေးရရင် စားဝတ်နေရေးအတွက်လည်း အထောက်အကူတခုဖြစ်သွားမယ်လို့ ထင်တယ်။ တသိန်းထုတ်တဲ့သူတွေမှာဆိုရင်လည်း ပမာဏက နည်းနည်း၊ အများကြီးထုတ်သမားတွေမှာဆို မနည်းဘူး။ တပုံကြီးပေးရတဲ့ခါ တမျိုးကြီး တွေ့မယ်ပေါ့။ ရာနှုန်းအနည်းနဲ့ဆို အားလုံးအတွက် အဆင်ပြေသွားမယ်"ဟု ပြောသည်။

ရခိုင်ပြည်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းမှ စတင်ကာ ဘဏ်လုပ်ငန်းများရပ်တန့်သွားခဲ့သည်။

ယင်းသို့ ဘဏ်လုပ်ငန်းများရပ်တန့်နေသည့်အတွက် ပြည်သူများသည် ပြည်တွင်း/ပြည်ပမှလွဲှပေးသောငွေသားများကို ပုဂ္ဂလိက ငွေလွဲှငွေထုတ်လုပ်ကိုင်သူများထံမှ ငွေထုတ်ခရာနှုန်းများကို ကျသင့်သလောက်ပေး၍ ထုတ်ယူသုံးစွဲနေကြရခြင်းဖြစ်သည်။

ငွေလွဲှငွေထုတ်လုပ်ကိုင်သူများသည် ငွေသားများကိုဝယ်ယူရာတွင် ယခုလအတွင်း ငွေသားရှားပါးနေသည့်အတွက် ဝယ်ဈေးကိုယ်တိုင်က ၂.၅% ဖြစ်နေ၍ ငွေထုတ်ခဈေးမှာလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်နယ်မြေအတွင်း ငွေလွှဲ၊ ငွေထုတ်လုပ်ပေးနေသည့် ကိုဇော်ဇော်မောင်က နိရဉ္စရာကို ပြောသည်။

"ငွေဈေးကို ကျနော်တို့က ကစားနေတာမဟုတ်ဘူး။ ကျနော်တို့က ဒိုင်ဆိုပေမဲ့လည်း အထက်ဘက်ကနေပြီးတော့ တဆင့်သွားဝယ်တာပါ။ အခုဆို ဝယ်ဈေးကိုယ်တိုင်က ၂.၅% ဖြစ်နေပါတယ်။ ဝယ်ဈေးကိုယ်တိုင်က အဲ့လောက်ဖြစ်နေရင် ထုတ်ဈေးကိုလည်း စဉ်းစားကြည့်ပါ။ နောက်ဆို ၃% နဲ့အထက်မှာတောင်ရှိမယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်ကဆိုလျှင် ရခိုင်ဒေသအတွင်း ငွေထုတ်ခရာနှုန်းမှာ ၁၂% မှ ၁၆% အထိ မြင့်တက်ခဲ့သည်ဟု သိရသည်။

ငွေထုတ်ခရာနှုန်းကို အများပြည်သူလက်ခံနိုင်သည့်နှုန်းထားတစ်ခုဖြစ်စေရန် အာရက္ခတပ်တော်(AA)က သတ်မှတ်ပေးလျှင် ငွေထုတ်သူနှင့် ငွေလွဲှငွေထုတ်လုပ်ကိုင်သူ နှစ်ဦးနှစ်ဖက် ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ပြည်ပရောက် ကိုရဲလင်းအောင်က နိရဉ္စရာကို ပြောသည်။

"သတ်မှတ်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဘက်အဆင်ပြေအောင်တော့ တခုသတ်မှတ်ပေးသင့်တယ်။ အတတ်နိုင်ဆုံးအဆင်ပြေအောင်တခုပေါ့။ နှစ်ဦးနှစ်ဘက်အဆင်ပြေအောင် လီမိ(Limit)တခုသတ်မှတ်ပေးတာတော့ ပိုကောင်းပါတယ်" ဟု ပြောသည်။

ရခိုင်တွင် ဘဏ်လုပ်ငန်းများရပ်ဆိုင်းသွားပြီးနောက် ငွေစက္ကူများလည်း ရှားပါးသွားသည့်အတွက် ငွေလွဲှငွေထုတ်လုပ်ကိုင်သူများမှာ ငွေစက္ကူများကို မိမိအစီအစဉ်ဖြင့် ဝယ်ယူပြီး ငွေလာထုတ်သူများထံမှ ငွေထုတ်ခရာနှုန်းများရယူကာ ငွေထုတ်ပေးနေရခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်မှ ငွေလွှဲ၊ ငွေထုတ်လုပ်ပေးနေသည့် ကိုဇော်ဇော်မောင်က “ကျနော်တို့လည်း ထုတ်ပေးရတာ မျက်နှာပူရပါတယ်။ ငွေထုတ်တဲ့လူတိုင်းနီးပါးကတော့ ဈေးတန်တာကိုမှ ကြိုက်ကြတယ်။ ကျနော်တို့လည်း ဈေးနှုန်းကို သူတို့လိုချင်တဲ့အတိုင်းပေးချင်ပါတယ်။ ‌ဈေးနှုန်းက ပုံမှန်ငြိမ်နေမယ်ဆိုရင် ကျနော်နဲ့ သူတို့ကြားမှာ အဆင်ပြေမှုတွေလည်း ရှိနေပါမယ်။ အဲလိုမျိုးသတ်မှတ်ပေးလို့ရအောင် ငွေဈေးက အတတ်အကျမရှိဘဲ ငြိမ်နေမယ်ဆို ဖြစ်သင့်တဲ့ဈေးတခုကို သတ်မှတ်ပေးပြီး ဖြေရှင်းနိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဘက်လုံးအဆင်ပြေနိုင်ပါတယ်"ဟု ဆိုသည်။

ရခိုင်တွင် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများက ပေးပို့သော ဝင်ငွေများကိုသာ အဓိက မှီခိုနေကြရခြင်းဖြစ်ပြီး ပြည်ပမှလွဲှပေးသော ငွေသားများကို ငွေထုတ်ခရာနှုန်းများပေးဆောင်၍ ထုတ်ယူသုံးစွဲနေကြရခြင်းဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်တွင် ယခုမတ်လမတိုင်မီအထိ စတားလင့်အင်တာနက်လိုင်းများကို အကန့်အသတ်ဖြင့်သုံးစွဲခဲ့ရချိန်ကဆိုလျှင် ငွေထုတ်ခရာနှုန်း ၂% သာရှိခဲ့ပြီး ယခု မတ်လအတွင်း စတားလင့်အင်တာနက်လိုင်းများကိုလည်း AA က မြို့/ရွာများတွင် စနစ်တကျသုံးစွဲခွင့်ပေးထားပြီဖြစ်ရာ ငွေထုတ်ခရာနှုန်းသည် ၂% ထက် လျော့နည်းသင့်သည်ဟုလည်း ရခိုင်ပြည်သူများက ပြောဆိုနေကြသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...