တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အမတ်တွေ ဦးဆောင်တဲ့ အမြဲတမ်းကော်မတီဖြစ်တဲ့ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်းလိုက်ပါတယ်။
မတ် ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီတို့မှာ ပါဝင်ဖို့ လျာထားတဲ့ အဖွဲ့ဝင်ဦးရေနဲ့ အမည်စာရင်း အပါအဝင် ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေရဲ့ အမည်စာရင်းတွေကို တင်ပြပြီး ရွေးချယ်ခဲ့ကြတာပါ။
ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ နန္ဒကျော်စွာနဲ့ အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး တို့ဖြစ်ပြီး ပြည်သူ့ငွေစာရင်းကော်မတီမှာတော့ ဥက္ကဋ္ဌအဖြစ် ဦးတေဇကျော်နဲ့ အတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်တို့ ဖြစ်ပါတယ်။
သူတို့တတွေဟာ ပြီးခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အနိုင်ရရှိခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။ ဖွဲ့စည်းလိုက်တဲ့ အမြဲတမ်းကော်မတီနှစ်ခုမှာတော့ တပ်ကိုယ်စားလှယ် ၂ ဦးစီ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၁၅ ဦးစီ ပါဝင်ပါတယ်။
ဒါ့အပြင် ပထမပုံမှန်အစည်းအဝေးကနေ ပြည်သူ့လွှတ်တော်ဆိုင်ရာ အမြဲတမ်းကော်မတီနှစ်ခုကို ဆက်လက်ဖွဲ့စည်းသွားဖို့ရှိနေတယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ ပြည်တွင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်မှာ အမြဲတမ်းကော်မတီ လေးခုအပြင် လိုအပ်ချက်အရ သက်ဆိုင်ရာ ကဏ္ဍအလိုက် အခြားကော်မတီတွေနဲ့ ကော်မရှင်တွေကိုလည်း ယာယီ ဒါမှမဟုတ် အတည်တကျ ဖွဲ့စည်းခွင့်ရှိပါတယ်။
ဒီအဖွဲ့အစည်းတွေဟာ ဥပဒေကြမ်းတွေကို စိစစ်တာ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာတာနဲ့ ပြည်သူ့အကျိုးပြုကိစ္စရပ်တွေမှာ အကြံပြုတင်ပြတာတွေကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုအတွင်း စစ်ကောင်စီနဲ့ စစ်ကော်မရှင် အပါအဝင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတို့ဟာ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း အပါအဝင် ဥပဒေအမျိုးမျိုးကို စိတ်ကြိုက် ပြင်ဆင်ပြဌာန်း အတည်ပြုခဲ့ကြတာပါ။
လက်ရှိမှာ လွှတ်တော်ပေါ်လာပြီမို့ အစိုးရသစ်ဖွဲ့စည်းပြီးရင်တော့ ဥပဒေပြုရေး၊ အမျိုးသားစီမံကိန်းနဲ့ ဘတ်ဂျက်အတည်ပြုတာ အပါအဝင် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းကျောင်းပေးတဲ့ လွှတ်တော်ရဲ့ အဓိက တာဝန်တွေကို လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေဟာ စစ်အုပ်ချုပ်ရေးယန္တရားမှာ တာဝန်ယူခဲ့ကြသူတွေ အပါအဝင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတာပါ။
ဒီအခြေအနေမှာ ပြည်သူလူထုကနေ ရွေးချယ်ပြီး ဆန္ဒမဲပေးခဲ့ကြတဲ့သူတွေအဖြစ် ခေါင်းစဉ်တပ် ဖွဲ့စည်းလာမယ့် အစိုးရကို လွှတ်တော်က တည့်မတ်ထိန်းကျောင်းနိုင်ဖို့ လိုအပ်တဲ့ အမြဲတမ်းကော်မတီတွေ ဖွဲ့စည်းလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် သမ္မတကနေ ဖွဲ့စည်းလာမယ့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီလည်း ရှိလာမှာဖြစ်ပြီး အဲဒီကောင်စီမှာ စစ်တပ်က ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အဲဒီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက လာရောက်ဦးဆောင်မယ့် အနေအထားလို့ လေ့လာသူတွေက ပြောဆိုနေကြတာပါ။
အတိုင်ပင်ခံကောင်စီဟာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးတို့မှာ အကြံပေးညှိနှိုင်းမှာဖြစ်လို့ အစိုးရနဲ့ လွှတ်တော်ကို ကန့်သတ်ထိန်းကျောင်းနိုင်တဲ့ အခြေအနေရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။







