စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက နိုင်ငံအင်္ဂါစဉ်အရ ထိပ်ပိုင်း ရာထူးနေရာတွေရရှိဖို့ သွေဖယ်လာနေပါတယ်။
တတိယကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကနေ ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့အတွက် သမ္မတဖြစ်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။
ဒါကြောင့် ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် ပါတီဥက္ကဋ္ဌကတော့ သမ္မတအသစ် ရွေးချယ်ရေး၊ ဥပဒေပြုရေး၊ ဘက်ဂျက်ခွင့်ပြုရေးနဲ့ အစိုးရရဲ့ အဓိက ရာထူးနေရာတွေကို အတည်ပြုရေးအတွက် နိုင်ငံတော်အင်္ဂါစဉ်အရ နံပါတ် ၅ နေရာမှာသာ ကျေနပ်ခဲ့ရတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်က ပစ်ဖဲမှန်သမျှကို ကြံ့ခိုင်ရေးပါတီထဲ ထည့်ထားတာမို့ ပါတီဝင်တွေအကုန်လုံးဟာ စစ်တပ်အတွက် အဖြည့်ခံပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကြံ့ခိုင်ရေးပါတီဆိုတာ သူတို့ရဲ့ လက်ဝေခံပဲ။ စစ်တပ်ကနေ ပစ်ဖဲမှန်သမျှကို ကြံ့ခိုင်ရေးပါတီထဲကို ထည့်ထားလိုက်တာ။ တစ်ခုခုညိတယ်ဆိုရင်တောင်မှပဲ ကြံ့ဖွံ့ထဲမှာ သွားပြီး ထည့်လိုက်တာ။အဲဒီတော့ ကြံ့ဖွံ့ဆိုတာ စစ်တပ်ရဲ့ အောက်ဖဲပဲ။စစ်တပ် ထောင်ထားတဲ့ ပါတီတစ်ခုပဲ။ခါးပိုက်ဆောင်ပါတီတစ်ခုပဲ။ အဲဒီတော့ ဒီပါတီထဲက လူတွေ အကုန်လုံးက အဖြည့်ခံပဲ”လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အသီးသီးရဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတွေကို အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ အပါအဝင် ကြံ့ခိုင်ရေးပါတီက အနိုင်ရကိုယ်စားလှယ်တွေနဲ့ ရွေးချယ်တင်မြှောက်ခဲ့ပြီး ဖြစ်ပါတယ်။
မတ် ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် တတိယကြိမ် ပထမပုံမှန်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ တင်မြှောက်နိုင်ဖို့ အစုအဖွဲ့အစည်းအဝေးတွေကို လာမယ့် မတ် ၃၀ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ လွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာထားတာပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ အရ နိုင်ငံတော်သမ္မတရွေးချယ်ဖို့ သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ တင်မြှောက်ရမှာဖြစ်လို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
အဲဒီအစုအဖွဲ့သုံးဖွဲ့က ဒုတိယ သမ္မတလောင်း သုံးဦးကို ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော် နာယကထံ အမည်စာရင်းတင်ပြရမှာပါ။ အဲဒီကနေတဆင့် ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲပေးစနစ်နဲ့ သမ္မတကို ရွေးချယ်တင်မြှောက်တာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နာယကက တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေကို ဖွဲ့စည်းခဲ့တာပါ။
ဒီအတွက် လာမယ့် မတ် ၃၀ ရက်နေ့မှာ အစုအဖွဲ့သုံးဖွဲ့ကနေ ဒုတိယ သမ္မတလောင်း တစ်ဦးစီကို ရွေးချယ်တင်မြှောက်နိုင်ဖို့ အစည်းအဝေးတွေကို သတ်မှတ်တဲ့နေရာတွေမှာ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဲဒီနေ့ရက်ဟာ သမ္မတလုပ်မယ်လို့ အများက ထင်ကြေးပေးနေကြတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လာတာ ၁၅ နှစ်တိတိ ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ စာရင်းတွေအရ တပ်ကိုယ်စားလှယ်အစုအဖွဲ့ကနေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစုအဖွဲ့ကနေ ကြံ့ခိုင်ရေးပါတီက ဒုသမ္မတ တစ်ဦးစီ တင်သွင်းမှာပါ။
ဒုသမ္မတ ၁ အဖြစ် စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ်လည်းဖြစ် တပ်အငြိမ်းစားလည်းဖြစ် ကိုကိုးကျွန်းမဲဆန္ဒနယ်က ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညိုစောလို့ ဒီရက်ပိုင်းအတွင်း ပေါက်ကြားလာတဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစဉ်အလာအရ တိုင်းရင်းသားလူမျိုးတစ်ဦးကို ဒုသမ္မတ ၂ အဖြစ် တင်မြှောက်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးတာကြောင့် အစပိုင်းမှာ စစ်ကော်မရှင်ရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင် ကချင်တိုင်းရင်းသူ ဒေါ်ဒွဲဘူလို့ စာရင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးလို့ သတင်းထွက်ပေါ်နေတာပါ။
ဒီစာရင်းအတိုင်း ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတ နဲ့ ဒုသမ္မတတွေအဖြစ် ရွေးချယ်အတည်ပြုလာရင်တော့ ကြံ့ခိုင်ရေးပါတီဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးတရားဝင်မှုကို ရဖို့ ကြိုးပမ်းတဲ့ အခင်းအကျင်းမှာ အဖြည့်ခံဖြစ်မယ့် အခြေအနေပါ။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ အစိုးရနဲ့ လွှတ်တော်အပါအဝင် တပ်ပိုင်းမှာလည်း စစ်ခေါင်းဆောင် စိတ်ချရတဲ့ သူတွေနဲ့ အခရာထားပြီး အရပ်သားပုံပြောင်း အစိုးရကို ပုံဖော်လာမယ့် အနေအထားမျိုးလို့ သုံးသပ်ပါတယ်။
“ညိုစောကို ဒုသမ္မတ သမ္မတ အဆင့်ထက် မနိမ့်တဲ့ဟာမျိုး ပေးသွားနိုင်တယ်။ လွှတ်တော်ထဲမှာလည်း အကြီးအကဲက အောင်လင်းဒွေးပေါ့။ တပ်ဘက်မှာဆိုရင်လည်း ရဲဝင်းဦးကို (တပ်ချုပ်) အကြီးဆုံး ဒါမှမဟုတ်လည်း အကြီးဆုံးကို ထိန်းကျောင်းနိုင်မယ့် ထောက်ကန်နိုင်မယ့် နေရာမျိုးမှာ ပေးထားခဲ့မယ်။ ဘာလို့လဲဆို တစ်ရက်ထဲ ရာထူးတိုးခဲ့တဲ့ အောင်လင်းဒွေး၊ ရဲဝင်းဦး၊ ညိုစောတို့ကိုပဲ သူ (စစ်ခေါင်းဆောင်) အခရာထား အထောင်ထားပြီးတော့ အရပ်သားပုံပြောင်းအစိုးရကို ပုံဖော်လာမယ့် အနေအထားမျိုး တွေ့ရတယ်”လို့ ဆိုပါတယ်။
မတ် ၃၀ ရက်နေ့မှာ သမ္မတရွေးချယ်ရေးလုပ်လာရင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စစ်ခေါင်းဆောင်က နာရီပိုင်းအတွင်း စွန့်လွှတ်ထားတဲ့အခြေအနေမှာ ရှိတဲ့အတွက် သမ္မတလုပ်ဖို့ အလားလာများတယ်လို့ သူက ဆက်ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေအဖြစ် ရွေးချယ်ခံရသူက နိုင်ငံ့ဝန်ထမ်းဖြစ်ရင် တင်မြှောက်ခံရတဲ့နေ့မှစတင်ကာ နုတ်ထွက်ပြီး ဒါမှမဟုတ် အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရမယ်လို့ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ SAC-M ကတော့ လာမယ့်နှစ်ပတ်အတွင်း ဒါဇင်နဲ့ ချီတဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေဟာ အရေခွံလဲတဲ့အနေနဲ့ စစ်ယူနီဖောင်းကို စွန့်ကာ အရပ်ဝတ်လဲကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိ စစ်ဗိုလ်ချုပ်တွေကို အဓိကကျတဲ့ နေရာတွေမှာ ခန့်အပ်တဲ့အနေနဲ့ စစ်ခေါင်းဆောင်ဟာ စစ်အုပ်စု အစိုးရနဲ့ စစ်တပ်အပေါ် အလုံးစုံထိန်းချုပ်နိုင်စွမ်း အမြစ်တွယ်သွားအောင်လုပ်ဖို့ ကြိးစားနေတာလို့ ထောက်ပြထားပါတယ်။







