လက်နက်ကြီးနှင့်လေကြောင်းရန်ကြောင့် ပလောတပို့စစ်ရှောင်များ အရေးပေါ်နေရာရွှေ့

လက်နက်ကြီးနှင့်လေကြောင်းရန်ကြောင့် ပလောတပို့စစ်ရှောင်များ အရေးပေါ်နေရာရွှေ့
Photo: CJ
Photo: CJ

ထိုင်း-ကရင်နယ်စပ် မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသရှိ၊ ပလောတပို့စစ်ဘေးရှောင်စခန်းနားတဝိုက် ဒရုန်းနှင့်လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေခြင်းကြောင့် စစ်ဘေးရှောင်များ မူလစစ်ရှောင်တဲနေရာကိုဖျက်၍ အရေးပေါ်ရွှေ့ပြောင်းရှောင်တိမ်းနေရကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ(၁၄)ရက်နေ့က စစ်အုပ်စုမှ ကာမီကာဇေဒရုန်းဖြင့် ပလောတပို့စခန်းတည့်တည့်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိလည်း ဒရုန်းအပြင် လက်နက်ကြီးများပါတိုက်ခိုက်နေသောကြောင့် စစ်ရှောင်များ စခန်းနားတဝိုက်မနေဝံ့တော့ကြောင်း အဆိုပါတာဝန်ခံက ဆိုသည်။

"သုံးထပ်ကွေ့(ကဆောဝါးလေး)ဆင်ဘုရားကုန်းဘက်ကို တိုးဖို့ စစ်တပ်ကလက်နက်ကြီးပစ်ချတာ စခန်းနားတင် အလုံးကြီးတွေလာကျတယ်။ စစ်ရှောင်တွေမနေရဲကြတော့ဘူး။ စခန်းကတဲတွေဖျက်ပြီး နေရာပြောင်းနေရတယ်။" ဟု ပလောတပို့စခန်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင် တခြားရွာ၌ဆွေမျိုးအသိမိတ်ဆွေရှိသူများမှလွဲ၍ အကြောင်းအမျိုးမျိုးကြောင့် နေရာမပြောင်းနိုင်သေးသူအချို့ မှာ စခန်းအတွင်းကျန်ရှိနေသည်။

သို့သော် ညအချိန်တွင် သောင်‌‌ရင်းမြစ်ဘေးသို့ ရွေ့ပြောင်းအိပ်စက်ကြရသည်ဟု ဆိုသည်။

ကရင်သတင်းအရင်းအမြစ်များအရ လတ်တလောစစ်ရေးအခြေအနေမှာ စစ်အုပ်စုသည် မယ်ထော်သလေး၊ မေတ္တာလင်းမြိုင်၊ လက်ခတ်တောင်နှင့် လေးကေကော်အမြှောက်ကုန်းနေရာများမှ စစ်ကြောင်းဖြန့်ပြီး တိုက်ခိုက်မှုရှိနေသည်။

မင်းလက်ပံ၊ ဖလူးကျေးရွာလမ်းပိုင်းများတွင်မူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး စစ်အုပ်စုကိုပိတ်ဆို့ထားသည်ဟု သိရသည်။

KNLA မဟာမိတ် (၃၂)ဗျူဟာတပ်ဖွဲ့ဝင်တစ်ဦးက "စစ်တပ်က လက်ခတ်တောင်နဲ့ စွယ်တော်ကုန်းဘက်ကနေ လက်နက်ကြီးပစ်တယ် ဒရုန်းလွှတ်တယ်။ မြေပြင်ကလာလို့ပိတ်မိနေပြီဆို လေယာဉ်စစ်ကူခေါ်ပြီးကြဲခိုင်းပြီ။ တောင်ပေါ်တောလမ်းကရော ဖလူးကားလမ်းအတိုင်းရောတိုးတယ်။” ဟု ကေအိုင်စီကို ပြောသည်။

ဖလူး၊ လေးကေကော်၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊‌ သေ့ဘောဘိုး၊ ဥကရစ်ထနှင့်ဝေါလေမြို့ဘက်သို့ ပြန်လည်ထိန်းချုပ်ရန် စစ်အုပ်စုက ထိုးစစ်အပြင်းအထန်ဆင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုကဆိုသည်။

စစ်အုပ်စုနှင့်ကရင်လက်နက်ကိုင်အဖွဲ့တို့ ပဋိပက္ခသတင်းများထွက်ပေါ်လာသည့် အတောအတွင်း ဖလူးဒေသရှိ လက်နက်ကိုင်ထိန်းချုပ်သော အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းနေရာများကိုပါ စစ်အုပ်စုက တိုက်ခိုက်မှုပိုလုပ်လာပြီး ကျားဖြန့်ဆိုက်အနီးတွင်ရှိနေသည့် ပလောတပို့စစ်ဘေးရှောင်စခန်းအထိ သက်ရောက်မှုရှိလာသည်။

ပလောတပို့စခန်းတွင် လေးကေကော်မှစစ်ဘေးရှောင်လာသူများအပါအဝင် ကျေးရွာ ပေါင်း (၁၃)ရွာမှ လူဦးရေ (၄,၂၃၆) ဦး ခိုလှုံနေထိုင်ပြီး နယ်စပ်သောင်ရင်းမြစ်ကမ်းနံဘေးတွင် တည်ရှိသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...