ညောင်လေးပင်ခရိုင်အတွင်း စစ်ရှောင် ၄၀၀၀ ကျော် အကူအညီများ လိုအပ်

ညောင်လေးပင်ခရိုင်အတွင်း စစ်ရှောင် ၄၀၀၀ ကျော် အကူအညီများ လိုအပ်
KNU (ပုံဟောင်း)
KNU (ပုံဟောင်း)

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်၏ လူသားဒိုင်းကာပြုလုပ်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ ၄,၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်။

ကျောက်ကြီးတွင် စစ်ကော်မရှင်တပ်များ၏ ရက်စက်ကြမ်းကြုတ်သော စစ်ကြောင်းထိုးမှု၊ လေကြောင်း တိုက်ခိုက်မှုနှင့် လူသားဒိုင်းကာပြုလုပ်မှုများကြောင့် ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူ ၄,၀၀၀ ကျော်သည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေခြင်း ဖြစ်သည်။

ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (KRC) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အခုလက်ရှိ စစ်ဘေး ရှောင်နေတဲ့သူတွေက အဓိက လိုအပ်တာကတော့ အခြေခံစားနပ်ရိက္ခာပေါ့နော်။ ပြီးတော့မှ ကျန်းမာရေး အတွက် လိုအပ်တဲ့ဆေးဝါးတွေ။ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ရှိနေတယ်။ အချို့ထဲမှာတောင် ကိုယ်ဝန်ဆောင်မိခင်တွေပါနေတယ်။ ပြောရရင်တော့ အစစအရာရာ လိုအပ်နေ တာပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှ စတင်ကာ စစ်ကော်မရှင်တပ်များသည် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းသို့ လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများအသုံးပြု၍ အကြမ်းဖက်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ဝင်ရောက်လာပြီးနောက် အပြစ်မဲ့ပြည်သူ အယောက် ၃၀ ထက်မနည်းကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အပြင် ပြည်သူပိုင်ပစ္စည်းများကို လုယက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်။

လူပေါင်း ၃၀၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့်အတွက် ကရင့်အမျိုးသားအစည်းအရုံးနှင့် ပူးပေါင်း တပ်ဖွဲ့များက ကယ်ထုတ်ခဲ့ရသေးသည်။

စစ်ဘေးရှောင် ၄,၀၉၇ ဦးခန့်ရှိသည့် ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ဝါချဲ၊ အင်းပရစ်နှင့် ဒလဆိပ်ကျေးရွာများမှ ပြည်သူများသည် လက်ရှိတွင် တောတောင်များထဲ၌ လည်းကောင်း၊ နီးစပ်ရာကျေးရွာရှိ အသိမိတ်ဆွေများ၏ နေအိမ်များတွင်လည်းကောင်း ခိုလှုံနေရကာ အစားအသောက်၊ ဆေးဝါး နှင့် အမိုးအကာ လိုအပ်နေကြသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်ကလည်း “အခုလက်ရှိ ဒုက္ခရောက် နေတဲ့ ပြည်သူလူထုကို နိုင်တဲ့ဘက်ကနေပြီးတော့မှ ပံ့ပိုးကူညီပေးဖို့၊ အထူးသဖြင့် ကျန်းမာရေး ဝန်ဆောင်မှု တွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါး နဲ့ ကုသမှုတွေကို အချိန်မီပံ့ပိုးပေးဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

စစ်ကော်မရှင်၏ အဆိုပါလုပ်ရပ်များကြောင့် ပြည်သူ ၁၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများ၏ စည်းစိမ်ဥစ္စာများမှာလည်း ဆုံးရှုံးခဲ့ရသည်။

ထိုသို့သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာက သိရှိနေသော်လည်း ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိခြင်းအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) မှ နော်ချယ်ရီက “သူတို့ စစ်ရာဇဝတ်မှုတွေကို အမြဲ တမ်းကျူးလွန်နေတာ ဒါက နိုင်ငံတကာလည်း သိအောင် လုပ်နေတာပဲ။ နေ့စဉ်ရက်ဆက်ပေါ့နော်။ သိသိကြီးနဲ့ ဘာမှမလုပ်ဆောင်၊ အရေးလည်းမယူဘူးဆိုတော့ ဒါက ဝေဖန်စရာတွေ အများကြီးပဲ။ ခံရတာ ကျမတို့ ပြည်သူ လူထုတွေပဲလေ” ဟု ပြောသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများကမူ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် စိုးရိမ်ပူပန် ကြောင်း ကြေညာချက်များ ထုတ်ပြန်နေရုံနှင့် မလုံလောက်ဘဲ စစ်ကော်မရှင်၏ လေယာဉ်ဆီ၊ လက်နက်နှင့် ဘဏ္ဍာငွေ လမ်းကြောင်းများကို အမြန်ဆုံး ဖြတ်တောက်ပေးရန် တောင်းဆိုထားကြသည်။

ထို့ပြင် စစ်ကော်မရှင်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရသည် မြန်မာပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရရှိအောင် ကူညီလုပ်ဆောင်ပေးရန်နှင့် ကျူးလွန်သူများကို တာဝန်ယူ၊ တာဝန်ခံမှုရှိလာ အောင် လုပ်ဆောင်ပေးရန် တိုက်တွန်း တောင်းဆိုနေကြသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...