လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး

စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေသော်လည်း မြေပြင်တွင် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးကနေ နမ္မတူဘက်သွားတဲ့ အီနိုင်းရွာက TNLA တပ်တွေကို ကိုးကန့်ဘက်က ထပ်ရွှေ့ခိုင်းနေတာ။ အဲ့ဘက်မှာ TNLA ဘက်ကတော့ မရွှေ့တဲ့အပြင် အင်အားထပ်ဖြည့်ထားတယ်။ ရှေ့ရက်က ကိုးကန့်နဲ့ စစ်တပ် လားရှိုးမြို့ပေါ် ဆွေးနွေးပြီးတော့ နောက်ဆက်တွဲ ထင်တယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

TNLA နှင့် MNDAA ကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို ဆွေးနွေးအဖြေရှာရန် TNLA ဗဟိုခေါင်းဆောင်များ လောက်ကိုင်မြို့သို့ ရောက်ရှိနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေသတင်းဌာနသို့ ယနေ့ နံနက်ပိုင်းတွင် ဖြေကြားထားသည်။

အခြားတစ်ဘက်တွင် ညီနောင်မဟာမိတ်အချင်းချင်း ဖြစ်ကြသည့် TNLA ကို MNDAA မှ ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် ယမန်နေ့ (မတ်လ ၁၆ ရက်) တွင် လားရှိုးမြို့ပေါ် ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က ဆင်နှစ်ကောင်တဝိုက်မှာ ရဲကား စစ်ကားကော၊ ကိုးကန့်ဘက်က ကားတွေကော ရှုပ်နေတာ။ ကိုးကန့်ဘက်က ကား ၁၀ စီးကျော် လာတယ်၊ စစ်တပ်နဲ့ စကားလာပြောတာပဲ ဖြစ်မှာ” ဟု အသက်(၄၀) ကျော်အရွယ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ စစ်ကော်မရှင် ထိန်းချုပ်ထားသည့် လားရှိုးမြို့အထိ တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့သည်။

ကွတ်ခိုင်တိုက်ပွဲ ၂ ရက်အတွင်း TNLA ဘက်မှ ထိခိုက်ဒဏ်ရာရသူ (၁၈) ဦးနှင့် လက်နက်ချ ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိကြောင်း သိရပြီး ယမန်နေ့ (မတ်လ ၁၆ ရက်)တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းပိုင်းမှတဆင့် မြေပြင်ထိုးစစ် ချီတက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်း၌ သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် TNLA စစ်အင်အား ၅၀ ခန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်မှ အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့နယ် အီနိုင်းကျေးရွာဘက်သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...