ခရီးသွားများ အန္တရာယ်ရှိသဖြင့် ကျောက်ပန္ဒူ- စေတီပြင် တောင်ကျော်လမ်း ပြုပြင်ရန် လိုအပ်နေ

ခရီးသွားများ အန္တရာယ်ရှိသဖြင့် ကျောက်ပန္ဒူ- စေတီပြင် တောင်ကျော်လမ်း ပြုပြင်ရန် လိုအပ်နေ
ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်းတစ်နေရာကို ၂၀၂၆၊ မတ်လအတွင်း တွေ့ရစဥ်။
ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်းတစ်နေရာကို ၂၀၂၆၊ မတ်လအတွင်း တွေ့ရစဥ်။

မောင်တောမြို့နယ်တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသတို့ကို ဆက်သွယ်ထားသည့် ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်းမှာ ဆိုးဝါးစွာ ပျက်စီးနေပြီး ခရီးသွားများအတွက် အန္တရာယ်ရှိနေသဖြင့် ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တောင်ကျော်လမ်းမှာ ပြီးခဲ့သည့်နှစ် မိုးတွင်းက ပြိုကျနေသည့် ကျောက်တုံးကြီးများနှင့် ရေတိုက်စားမှုကြောင့် လမ်းကျွံကျနေမှုများ ရှိပြီး မကြာခဏ ယာဥ်တိမ်းမှောက်မှုများလည်း ရှိတတ်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ လမ်းပိုင်းတွင် ARSA က ဒေသခံများအပေါ် အကြမ်းဖက် အန္တရာယ်ပြု တိုက်ခိုက်မှုများလည်း ရှိခဲ့သောကြောင့် အဘက်ဘက်မှ စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

“ ဆိုင်ကယ်တွေဆိုလည်း ခဏခဏ မှောက်တယ်။ ကျမတို့ လာတုန်းကလည်း လမ်းဘေးကို ကားတစ်စီး ထိုးကျနေတာ တွေ့ခဲ့တယ်။ ဆိုင်ကယ်နဲ့ သွားရင်လည်း လမ်းကြမ်းတဲ့ အ‌ဆင်းတွေမှာ ခြေထောက်နဲ့ ဆင်းပြီး သွားတယ်။ ဆင်း သွားပြန်ရင်လည်း ARSA တွေနဲ့ တွေ့မိရင် တော်တော်ကြောက်ရတယ်။ လမ်းကောင်းသွားရင်တော့ တော်တော် အဆင်ပြေမှာပါ ” ဟု ရသေ့တောင်၊ စေတီပြင်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

၁၀ မိုင် ၇ ဖာလုံ အရှည်ရှိသော အဆိုပါ လမ်းပိုင်းသည် ရသေ့တောင်မြို့နယ် ဒေသခံများအတွက် ကုန်သွယ်ရေးနှင့် ကျန်းမာရေး စသည့် လူမှုဘဝများစွာအတွက် အဓိက အသုံးပြုရသည့် လမ်းပိုင်းဖြစ်ကြောင်း ပြောကြသည်။

“ လမ်းက တော်တော်ဆိုးတယ်။ ဒီလမ်းအကြောင်း တော်တော်သိတဲ့ သူတွေဘဲ ဒီလမ်းက သွားရဲတယ်။ အခု မလုပ်၊ မပြုပြင်လိုက်ရင် မိုးတွင်း ဒီလမ်းက သုံးလို့ ရတော့မှာ မဟုတ်ဘူး ” ဟု အသက် ၃၂ နှစ်အရွယ် ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း ARSA တပ်ဖွဲ့က ဒေသခံ ခရီးသွားများကို ခြုံခိုတိုက်ခိုက်မှုများရှိသောကြောင့် လုံခြုံရေး ကောင်းမွန်စေရန်နှင့် ဒေသခံများ လွယ်ကူစွာသွားလာနိုင်ရေးကို မျှော်လင့်နေကြသည်။

လက်ရှိတွင် ရခိုင်ပြည်ကို ထိန်းချုပ်ထားသည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် မြို့နယ်အနှံ့က လမ်းတံတားများကို ပြုပြင်မွမ်းမံခြင်း၊ အသစ်ဖောက်လုပ်ပေးခြင်းများရှိနေသော် ယင်းလမ်းပိုင်းတွင် တစ်စုံတစ်ရာ ပြုပြင်ခြင်းများ မရှိသေးကြောင်း ရသေ့တောင်ဒေသခံများက ပြောသည်။

ယင်းကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကမကထ ပြုလုပ်ကာ ဒေသခံများထံမှ ထည့်ဝင်ငွေ ကြေးများနှင့် ပြုပြင်သင့်ကြောင်းလည်း ထောက်ပြနေကြသည်။

“ လမ်းက ဘက်ဟိုးတွေနဲ့ သေချာလေး လုပ်ဖို့ လိုအပ်တယ်။ လမ်းကောင်းကောင်း လုပ်မယ်ဆိုရင်တော့ လမ်းလုပ်ဖို့ ဒေသခံတွေဆီက ပိုက်ဆံ ကောက်ခံတယ်ဆိုရင်တောင် ပေးကြမှာပါ ” ဟု ကျောက်ပန္ဒူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုလမ်းသည် ရသေ့တောင်မြို့နယ်အနောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ မောင်တောမြို့နယ် တောင်ပိုင်းနှင့် စစ်တွေမြို့နယ်တို့အထိ ဆက်သွယ်ထားသည့် အရေးပါသည့် လမ်းဖြစ်သည်။

ထို မေယုတောင်ကြားလမ်းတွင် တောင်အတက်နှင့် အဆင်း၌ ကွန်ကရစ်ခင်းထားပြီး ကျန်အပိုင်းများတွင် ကျောက်ကြမ်းလမ်းအဆင့်ဖြစ်ကာ တောင်အတက်အဆင်းများတွင် ကားများ၊ ဆိုင်ကယ်များ သွားလာ၍ မရ အောင်အထိ ဆိုးဝါးစွာ ပျက်စီးနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါလမ်းသည် မောင်တောမြို့နယ် ကျောက်ပန္ဒူမှ မေယုတောင်ခြေရင်းအထိနှင့် စေတီပြင်ကျေးရွာကနေ တောင်ခြေရင်းအထိ ကွန်ကရစ် ခင်းထားကြောင်း သိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...