ပြည်မသို့ပြောင်းရွေ့တာဝန်ထမ်းနေသော ရခိုင်မှ ကျောင်းဆရာ/ မများအား ရာထူးတိုးပေးခြင်းမရှိဟုဆို

ပြည်မသို့ပြောင်းရွေ့တာဝန်ထမ်းနေသော ရခိုင်မှ ကျောင်းဆရာ/ မများအား ရာထူးတိုးပေးခြင်းမရှိဟုဆို

ရခိုင်စစ်ပွဲများကြောင့် ရခိုင်မှ ရန်ကုန်နှင့် ဧရာဝတီသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုး ကျောင်းဆရာ ဆရာမများအား ဝန်ထမ်း သက်တမ်း ၃ နှစ်ကျော်ရှိလာပြီဖြစ်သော်လည်း ရာထူးတိုးမပေးခြင်းကြောင့် ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ယင်းကျောင်းဆရာအသိုင်းအဝိုင်းမှ သိရသည်။

ရခိုင်စစ်ပွဲများကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းသို့ပြောင်းရွှေ့ပြီး တွဲဖက်တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ ဆရာမများသည် ကျောင်းတစ်ကျောင်းတွင် ၂ နှစ် တာဝန်ထမ်းဆောင်ပြီးချိန်တိုင်း ရာထူးတိုးလျှောက်ထားခွင့်ရရှိကြသည်ဟု သိရသည်။

သို့သော် ရခိုင်က ဆရာ ဆရာမများအနေဖြင့် ရာထူးတိုး လျှောက်ထားသော်လည်း စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဌာနမှ ရခိုင်က ဆရာ/ ဆရာမများကို ရာထူးထိုးတိုးမပေးသည်မှာ လေးနှစ်နီးပါးရှိလာပြီဖြစ်ကြောင်း ရန်ကုန်နှင့်ဧရာဝတီတိုင်းတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ/ ဆရာမများထံမှ စုံစမ်းသိရသည်။

" ကျွန်မတို့ ကျောင်းတစ်ကျောင်းမှာ ၂ နှစ်တာဝန်ထမ်းဆောင်ရင် ရာထူးတိုးတင်ခွင့်ရှိတယ်။ တခြား နယ်မြေခံဆရာဆရာမတွေ တင်ကြတာပဲ။ လူတိုင်း နှစ်အလိုက်သက်တမ်းအရ ရာထူးတိုးကြတာပဲလေ။ မြင်နေရတာပဲ။ ကျွန်မ စစ်ပွဲတွေ စဖြစ်ကတည်းက ရန်ကုန်ကိုတွဲထားတာလေ။ သုံးနှစ်ကျော် လေးနှစ်ထဲဝင်လာပြီ။ ပထမ ၂ နှစ်တုန်းကတော့ ထားလိုက်။ ပြောင်းရွှေ့စနှစ်ဆိုတော့။ အခု လေးနှစ်ပြည့်လို့တင်လည်း Cancel ဘဲ။ ပယ်တာဘဲ။ ရခိုင်ကမို့ တိုးမပေးတာလို့ကို ပြောကြတာ။ တချို့က ဘယ်ပြောရဲမလဲ။ ကြိတ်ပြီးခံပေါ့" ဟုပြောသည်။

အကြမ်းဖက်စစ်တပ်စစ်အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတချို့ကြောင့် ရခိုင်ပြည်တောင်ကုတ်၊ သံတွဲ၊ ဂွ၊ စစ်တွေနဲ့ ကျောက်ဖြူအပါအဝင် တစ်ခြားမြို့များမှကျောင်းဆရာဆရာမအများစုသည် ရန်ကုန်နှင့် ဧရာဝတီတိုင်းများသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြသူများတွင် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့မှ အများဆုံးဖြစ်က အဆိုပါမြို့များမှ ဆရာဆရာမအားလုံး၏ ၆ဝ ရာခိုင်နှုန်းမှာပြောင်းရွှေ့တာဝန်ထမ်းဆောင်နေကြကြောင်း ပညာရေးဌာနမှတာဝန်ရှိသူတစ်ဦက  နိရဉ္စရာကို အတည်ပြုထားသည်။

ဧရာဝတီတိုင်းတွင် ရခိုင်မှပြောင်းရွှေ့တာဝန်ထမ်းဆောင်သူ ရခိုင်ပြည်နယ်မှကျောင်းဆရာတစ်ဦးက " ရာထူးတိုးတင်ကြပါ။ တင်ကြပါ။ ရခိုင်ကတွဲဖက်လာတဲ့ဆရာဆရာမတွေလဲ အရင်နှစ်တွေကမပါပေမယ့် ဒီနှစ်ပါမယ်လို့ အဲသလိုသူတို့ဘက်ကပဲ ပြောတယ်။ အခု သတင်းထွက်လာပြီ။ အာလုံး Cancel။  ပယ်ပါတယ်ဆိုပြီးဖြစ်လာတယ်" ဟု  နိရဉ္စရာသို့ပြောသည်။

ရခိုင်မှ ရန်ကုန်နှင့် ဧရာ၀တီတိုင်းတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သူ ဆရာ ဆရာမများသည် ရခိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့် ပညာရေး ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်မှုလည်း ရှိသူများမဟုတ်ကြဟု ၎င်းက ပြောဆိုသည်။

၎င်းပြင် ရခိုင်မှ ပြောင်းရွှေ့လာသော ရခိုင်လူမျိုးကျောင်းဆရာ ဆရာမအများစုသည် သက်ဆိုင်ရာ ကျောင်းများတွင် နေထိုင်ရန်နေရာမရရှိသကဲ့သို့ တချို့ကျောင်းများတွင် စစ်ရှောင်ဆရာဆရာမများအနေဖြင့်  ပြဿနာတစ်ခုဖြစ်လျှင် တာန်ယူရမည်ဟုပြောဆိုကာ စာရွက်တခုတွင် ခံဝန်လက်မှတ်ထိုးထားရခြင်းများပါရှိကြောင်း သိရသည်။

လက်ရှိတွင် ထိုသို့ရာထူးတိုးမပေးခြင်းအပြင် နေစရာ အဆင်ပြေသလိုစားဝတ်နေရေးလည်း ကျပ်တည်းနေကြေသော်လည်း ရခိုင်က ကျောင်းဆရာ/ ဆရာမအနေဖြင့် ဆရာဆိုသည့်  အလုပ်ဂုဏ်တစ်ခုကြောင့်ဝင်ရောက်လုပ်ကိုင်နေရကြောင်း သိရသည်။

ယခုကဲ့သို့ ကျောင်းဆရာဆရာမ တူပါလျက် ခွဲခြားဆက်ဆံခံနေရသော်လည်း ၎င်းကိစ္စအားပြောဆိုခြင်း၊ တိုင်းကြားခြင်းများမပြုဝံ့ကြကြောင်းနှင့် သတင်းပေါက်ကြားပါက ပြဿနာရှာခံရမည့်အပြင် အလုပ်ထုတ်ခံရမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း ကျောင်းဆရာဆရာမအသိုင်းအဝိုင်းမှ ပြောဆိုကြသည်။

March 14, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်မှ မိုင်းထိ၍ ခြေထောက်ဖြတ်လိုက်ရသူများအနေဖြင့် ခြေတုနှင့်...
March 13, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊...
March 12, 2026
တိုက်ပွဲများကြောင့်ကျောက်ဖြူကနေ ပြည်မကိုစစ်ဘေးရှောင်သွားကြသော ဝန်ထမ်းများနှင့်မိသားစုများကို...
March 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်မြို့တော် စစ်တွေမြို့ထဲတွင်ကျရောက်ရောက်ခဲ့သည့် လက်နက်ကြီးကျည်များအထဲမှ...