စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်နိုင်ဖို့ မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲသွားမယ်

စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်နိုင်ဖို့ မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲသွားမယ်

တူညီတဲ့ ဘုံသဘောထား ရပ်တည်ချက်တွေကို အခြေခံပြီး တော်လှန်ရေးကာလအတွက် မွန်ပြည်တော်လှန်ရေးပဋိညာဉ် (Mon State Revolutionary Charter) ချာတာကို ရေးဆွဲသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ မွန်တော်လှန်ရေးဖိုရမ်ကနေ မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီ ချာတာရေးဆွဲနေတဲ့ကာလအတွင်း တော်လှန်ရေးအဖွဲ့တွေကြား လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်တော်လှန်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။

ဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ဘုံရည်မှန်းချက်တွေအောက်မှာ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်နိုင်ရေး ချာတာ ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ရေးဆွဲတဲ့အခါ ပါဝင်သင့်တဲ့ အစုအဖွဲ့တွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်မတို့ အကုန်လုံး စုပေါင်းတိုက်ပွဲဝင်နေကြတဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရေး အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်‌ထောင်စုအတွင်းက မွန်ပြည်တည်ဆောက်ရေးစတဲ့ တော်လှန်ရေးဘုံရည်မှန်းချက်တွေအောက်မှာ မွန်တော်လှန်ရေးအင်အားစုတွေအားလုံး စုစုစည်းစည်းနဲ့ အတူတကွ တော်လှန်တိုက်ပွဲဝင်သွားကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မွန်ပြည်တော်လှန် ရေးချာတာကို ကျွန်မတို့ ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်။ ဒီချာတာကို အချိန် ၃ လ ကနေ ၆ လအကြာမှာ အချိန်ယူရေးဆွဲသွားကြမယ်။ ရေးဆွဲတဲ့ လုပ်ငန်းစဉ်မှာလည်း တော်လှန်ရေးအစုအဖွဲ့တွေအပြင် အခြားပါဝင်သင့်တဲ့ အစုအဖွဲ့တွေ အားလုံး ပါဝင်လာနိုင်ဖို့အတွက်လည်း ဖိတ်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်ရှင့်”လို့ ဆိုပါတယ်။

မတ် ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ မွန်တော်လှန်ရေးဖိုရမ်ကနေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းရှိ မွန်ပြည်တည်ဆောက်ရေးဟာ မွန်တော်လှန်ရေးပန်းတိုင်အဖြစ် ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တူညီတဲ့ ဘုံရည်ရွယ်ချက် ၅ ချက် အပါအဝင် ၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် အုပ်ချုပ်ရေးအဖွဲ့နဲ့ ပတ်သက်တဲ့ သဘောထားရပ်တည်ချက်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ ရပ်တည်ချက်တွေကိုလည်း သဘောတူညီခဲ့ကြတာပါ။

အဲဒီရပ်တည်ချက်တွေထဲမှာ အတုအယောင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA သဘောတူစာချုပ်ကို အခြေခံထားတဲ့ ဘယ်နိုင်ငံရေးဆွေးနွေးပွဲကိုမှ လက်မခံဘူးလို့ အသိပေးပါတယ်။

ဒါဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာမှုတွေမှာ မွန်တော်လှန်ရေးအင်အားစုတွေအားလုံးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးဆိုတဲ့ မူတွေအပေါ် ရပ်တည်တဲ့ ဘုံသဘောထားတွေ ရရှိခဲ့တယ်လို့ မိရော့ချမ်းက ပြောပါတယ်။

ဖိုရမ်မှာ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စစ်ရေးနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြတဲ့အပြင် တော်လှန်ရေးကာလအတွင်း အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို တင်ပြခဲ့ကြပြီး ဘုံသဘောထားရပ်တည်ချက်တွေနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒါပေမယ့် စစ်ရေးနဲ့ ပတ်သက်ပြီး မွန်တော်လှန်ရေးအင်အားစုတွေကြား ဘယ်လို ပူးပေါင်းဆောင် ရွက်သွားမလဲဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဘုံသဘောတူညီချက်တွေ ဖော်ပြထားတာ မတွေ့ရပါဘူး။

မိရော့ချမ်းကတော့ စစ်ရေးအပါအဝင် တော်လှန်ရေးကိစ္စရပ်တွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ တော်လှန်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ကနေ ဆက်လက်ဆွေးနွေးသွားမယ်လို့ ရှင်းပြပါတယ်။

“ဖိုရမ်ထဲမှာတော့ စစ်ရေးသုံးသပ်ချက်တွေ စစ်‌ရေးဆိုင်ရာ အကြံပြုချက်တွေ များစွာ ကျွန်မတို့ ရရှိခဲ့တယ်။ အဓိကက စစ်‌ရေးအပါအဝင် အခြားတော်လှန်ရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ဖွဲ့ထားတဲ့ တော်လှန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ကပဲ ဆက်လက်ပြီးတော့မှ အသေးစိတ်ကို ဆွေးနွေးသွားကြပြီးတော့မှ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်သွားကြဖို့ ဆုံးဖြတ်ခဲ့တာတော့ ရှိပါတယ်”လို့ ဆိုပါတယ်။

သုံးရက်တာ ကျင်းပခဲ့တဲ့ ဖိုရမ်ကနေတစ်ဆင့် မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကြား ဘုံသဘောထားရပ်တည်ချက်တစ်ရပ်ကို ခိုင်မာစွာ ချမှတ်နိုင်ခဲ့တာကြောင့် မွန်တော်လှန်ရေးအရှိန်အဟုန်ဟာ ပိုမိုမြင့်မားလာမယ်လို့ အသိပေးတာပါ။

ဒါကြောင့် မွန်ပြည်တည်ဆောက်ရေးကို ဦးတည်ကာ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မွန်ပြည်သူတစ်ရပ်လုံး လက်တွဲညီညီ တိုက်ပွဲဝင်သွားကြဖို့ မွန်တော်လှန်ရေးဖိုရမ်ကနေ တိုက်တွန်းထားတာ တွေ့ရပါတယ်။

မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ရေး၊ စည်းလုံးညီညွတ်မှု မြှင့်တင်ရေးနဲ့ မွန်တော်လှန်ရေးဆိုင်ရာ အမြင်ဖလှယ်ပြီး မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်တစ်ရပ် ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး မွန်တော်လှန်ရေးဖိုရမ်ကို ပြုလုပ်ခဲ့တာပါ။

ဖိုရမ်မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP AD အပါအဝင် ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ OMCC ၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC ၊ မွန်အရပ်ဘက်အဖွဲ့အစည်းတွေ သံဃာတော်တွေနဲ့ လေ့လာသူတွေအပါအဝင် ကိုယ်စားလှယ်ပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြပါတယ်။

March 13, 2026
မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ကန့်သတ်ချက်အပါအဝင် လိုသလောက် ဝယ်ယူလို့မရတဲ့...
March 12, 2026
စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ကြွေးကြော်ထားပေမယ့် မွန်ပြည်နယ်မှာ စက်သုံးဆီ...
March 11, 2026
ညောင်လေးပင် — အရပ်သားတွေကို ဦးတည်တဲ့ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ အခုနောက်ပိုင်း...
ဓာတ်ပုံ-MUP
March 10, 2026
စစ်ကော်မရှင်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲရလဒ်အရ မွန်ညီညွတ်ရေးပါတီ MUP က...