လေဆင်နှာမောင်း တိုက်ခတ်၍ စစ်တွေမြို့မင်းဂံတွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး

လေဆင်နှာမောင်း တိုက်ခတ်၍ စစ်တွေမြို့မင်းဂံတွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး
by -
နိရဥ္စရာ
ဇူလိုင်လ ၂၆ ရက်နေ့၊ ညနေဘက်တွင် လေဆင်းနှာမောင်းတိုက်ခတ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ အကွက် (၁၃) နှင့် (၁၄) တွင် အိမ်ခြေ ၁၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး ဆုံးရှုံးသွားသည်ဟု သတင်းရရှိသည်။

“ညနေ လေးနာရီ ခွဲခန့်က တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့က လေယာဉ်လာသလို မီးရထား လာသလို အသံအကျယ်ကြီးကြား ရပြီး လေဆင်နှာမောင်းဝင်တိုက်သွားပါတယ်။ ငါးမိနစ်လောက်ဘဲ ကြာမယ် ထင်ပါတယ််”ဟု အိမ်ပျက်စီးသွားသူများထဲမှ တစ်ဦးဖြစ်သူ ဦးထွန်းစိုးအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မင်းဂံအကွက် (၁၃) မှ အိမ်တစ်ဆောင်နှင့် မင်းဂံအကွက် (၁၄) မှ စာသင်ကျောင်းတစ်ဆောင် မြေကြီးတွင် ပြားပြားဝပ်ပြီး လုံးဝပျက်စီးသွားခဲ့သည်ဟု သိရသည်။ သို့သော် စာသင်ချိန်မဟုတ်၍ ကျောင်းသားများ ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

“လေဆင်နှာမောင်းတိုက်တော့ မြေးကလေးနဲ့ ကျွန်မအိမ်အောက်ကို ၀င်ပြေးပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး တုန်နေပါတယ်။ နောက်မှ မြေးကလေးလက်ကိုဆွဲပြီး ထွက်ပြေးပါတယ်။ အိုးခွက် ပန်းကန်းတွေအားလုံး လေထဲလွင့်ပါသွားပါတယ်။ အခုနေစရာမရှိဖြစ်နေပါတယ်”ဟု ဒေါ်လှမြခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အချို့မိသားစုများသည် ပျက်စီးသွားသော အိမ်ကို စွန့်ခွာပြီး ဆွေမျိုးများအိမ်တွင် သွားနေကြသော်လည်း ဒေါ်လှမြခိုင်မှာ နေစရာမရှိဖြစ်နေ သည်ကို တွေ့ရှိရသည်။

“လေတိုက်တာ ဆိုင်ကယ်ကယ်တောင် လွင့်ထွက်သွားပါတယ်။ ကြက်ခြံနဲ့ အဝတ်ဗီဒိုတွေ အကုန်လုံး ပျက်စီးသွားပါတယ်။ ပန်းကန်ကွဲက ကျွန်တော့်အစ်မ မအေးယဉ်ခြေထောက်ကို ထိပြီး ဒဏ်ရာအနည်းငယ် ရရှိသွားပါတယ်”ဟု အိမ်ပျက်စီးသွားသူတစ်ဦးက ပြောသည်။

လေဆင်နှာမောင်း တိုက်ခိုက်ပြီး မကြာမီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး အိမ်ကို ဓါတ်ပုံရိုက်ကာ အိမ်ပိုင်ရှင်နာမည်နှင့် မှတ်ပုံတင်နံပါတ်များကို မေးမြန်းသွားခဲ့ပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းတို့မှ ကူညီခြင်း တစုံတရာ မရှိသေးကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...