ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ် ယူနစ်နယ်မြေများကို ဖြတ်သန်းသယ်ဆောင်မည်ဆိုပါက ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဌာန ဖြတ်သန်းခွင့်လိုအပ်ကြောင်း NUG က ညွှန်ကြားချက်ထုတ်သည်။
ဖြတ်သန်းသယ်ဆောင်မည့် မဟာမိတ်အဖွဲ့အစည်းသည် NUG နှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုဥက္ကဋ္ဌ (၁) ဦးလွင်ကိုလတ်က မတ်လ ၆ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် လျှို့ဝှက်ညွှန်ကြားစာတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ အဖွဲ့အစည်းတွေနဲ့ ကြိုတင်စကားပြောထားတာမရှိတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီစာထုတ်တယ်ဆိုတာ မသိရဘူး။ ဒီစာအတိုင်းဆိုရင် ကချင် ၊ ချင်းနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံတဲ့ပုံစံ သက်ရောက်တာပေါ့” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဆလိုင်း ထန်ချွန်းဖေက မဇ္ဈိမကိုပြောသည်။
ပြည်မတွင် စက်သုံးဆီများ သိုလှောင်ထားခွင့်ရှိပြီး ကျန်ပြည်နယ်များအတွက် သယ်ယူမှုတွင် NUG ခွင့်ပြုချက်ဖြင့်သာ သယ်ယူရမည်ဟူသောအချက်သည် ပြည်သူများအကြားရှုပ်ထွေးမှုဖြစ်စေပြီး သဘောထားကွဲလွဲမှုများ ဖြစ်နိုင်သဖြင့် ကောင်းမွန်သော လက္ခဏာ မဟုတ်ကြောင်း ဆလိုင်း ထန်ချွန်းဖေက ဆိုသည်။
ယခင်က လွတ်လပ်စွာသယ်ယူခဲ့သော်လည်း ယခုကဲ့သို့ ဆီသယ်ဆောင်မှုကန့်သတ်လိုက်သဖြင့် ပြည်နယ်များတွင် မှောင်ခိုဈေးကွက်များပေါ်ပေါက်လာကာ ဆီဈေးအဆမတက်ဈေးတက်ခြင်း များ ဖြစ်လာသဖြင့် ပြည်သူများအကြား လောင်စာဆီ ရယူသုံးစွဲမှုခက်ခဲပြီး နစ်နာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ ညွှန်ကြားရခြင်းသည် စစ်ကော်မရှင်ထံ စက်သုံးဆီများ မရောက်ရှိစေရန်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကိုပြော သည်။
“ အဓိက ကတော့ အကြမ်းဖက်စစ်တပ်ဆီ စက်သုံးဆီတွေရောက်မှာစိုးတဲ့အတွက် ကြပ်မတ်ရခြင်း ဖြစ်ပါတယ်။ မဟာမိတ်တွေနဲ့ ပတ်သက်တဲ့ သယ်ယူပို့ဆောင်မှုဖြစ်တယ်ဆိုတာ သေချာတယ်ဆိုရင်တော့ ဖြတ်သန်းခွင့်ပြုမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
“ထိန်းချုပ်နယ်မြေအတွင်းသို့ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက်လုံးဝခွင့်မပြုရန် ” ဆိုသည့် ထိုညွှန်ကြားချက်ကို ပြည်ထောင်စုဝန်ကြီးဌာနများ ၊ NUG ပေါင်းစပ်ညှိနှိုင်းရေးရုံး ၊ အမှတ်(၁) စစ်ဒေသကွပ်ကဲရေးရုံး ၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကို လိပ်မူ ပေးပို့ထားခြင်းဖြစ်သည်။
လက်ရှိအချိန်သည် အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှ နိုင်ငံတကာသို့ ရေနံတင်သွင်းမှု ရပ်ဆိုင်းနေသဖြင့် နိုင်ငံအသီးသီးတွင် စက်သုံးဆီများနှင့်ပတ်သက်၍ အကြပ်အတည်းဖြစ်ပေါ်နေသောကြောင့် ပြည်သူလူထုအတွက် နိုင်ငံတော်အဆင့်မှ မူဝါဒချမှတ်၍ ထိန်းကြောင်းနေကြရချိန်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြသည်။
လမ်းညွှန်ချက်ထုတ်ပြန်သည့် နေ့မှစ၍ မြို့နယ်အခွန် ဒဏ်ကြေး ကောက်ခံသည့် ဂိတ်များအနေဖြင့် တိတိကျကျ လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်သည့် ဌာနအဖွဲ့အစည်း များသို့ လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ရန်အသိပေးထားသည်။
NUG ၏ လျှို့ဝှက်ညွှန်ကြားချက်နှင့်ပတ်သက်ပြီး ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအသိုင်းအဝိုင်း ကြားတွင် မကျေနပ်မှုများဖြစ်ပေါ်နေပြီး လူမှုကွန်ရက်များတွင် ဝေဖန်ရေးသားလျက်ရှိသည်ကိုတွေ့ရသည်။
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် ဟားခါးနှင့် တီးတိန်မြို့၌သာ စစ်ကော်မရှင်တပ်စွဲ အခြေစိုက်ထားပြီး ကျန်မြို့နယ်ခုနစ်မြို့နယ်ကို တော်လှန်ရေးအဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။
စက်သုံးဆီများကို မြေပြန့်ဒေသနှင့် အိန္ဒိယနိုင်ငံတို့မှ တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။







