ကြားကာလ ခူမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ကောင်စီတွင်းအပြောင်းအလဲတချို့ပြုလုပ်ကာ စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။
၂၀၂၅ ခုနှစ် မတ်လမှာ ကျင်းပသည့် ပလက်ဝ ချင်းတော်လှန်ရေး အင်အားစုများ၏ ညီလာခံတွင် စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ် ဆက်ဆံရေးအဖွဲ့တို့ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၂၀၂၆ ခုနှစ် ညီလာခံတွင် အမှုဆောင်အပြောင်း အလဲတချို့ ပြုလုပ်ကာ ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာခြင်းဖြစ်သည်။
ပလက်ဝချင်းတော်လှန်ရေး အင်အားစုများ၏ စစ်ကော်မရှင် ဖွဲ့စည်းခြင်း ပြင်ဆင်ပြောင်းလဲမှုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့ကြောင်း ကြားကာလ ခူမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ၊ အထွေထွေအတွင်းရေးမှူး ဆလိုင်း ပေါလ်က ပြောသည်။
“ဒီနှစ်မှာ အမှုဆောင်အပြောင်းအလဲတွေ ရှိတော့ ပြင်ဆင် ဖြည့်စွက်ထားတယ်။ အဓိကက စစ်ကော်မရှင်မှာက IKACC က နိုင်ငံရေး ဦးဆောင်ဦးရွက်ပြုတဲ့ အလွှာက ဖြစ်တယ်။ ပလက်ဝကောင်စီက ဒေသန္တရ အုပ်ချုပ်ရေးကို တာဝန်ယူထားတာ ဖြစ်တယ်။ တပ်မှာဆိုရင် CDF - ပလက်ဝ ရှိတယ်။ အဲဒီအလွှာ ၃ ခုမှာ ရှိတဲ့ လူတွေကို ပေါင်းပြီး စစ်ကော်မရှင်ကို ဖွဲ့စည်းတာ ဖြစ်တယ်။ ပြည်သူ့ တော်လှန်ရေး ဆင်နွှဲနေရတဲ့ ကာလဖြစ်တော့ ကျနော်တို့ တပ်ကို အရပ်သားကွပ်ကဲအုပ်ချုပ်မှု အောက်မှာ ထားရှိပြီး စနစ်တကျ သွားချင်တဲ့ ဟာဖြစ်တယ်။ တဖက်မှာလည်း တပ်ဖွဲ့တွေကို ကျစ်ကျစ်လစ်လစ်နဲ့ စနစ်တကျ မူဝါဒတစ်ခုထဲအောက်မှာ အားလုံး ဝိုင်းပြီး တစုတစုတည်းသွားနိုင်ရေး ရည်ရွယ်ဖွဲ့စည်းတာ ဖြစ်ပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။
စစ်ကော်မရှင်အဖွဲ့၏ သဘာပတိမှာ IKACC ဥက္ကဋ္ဌ ဆလိုင်းစောမြ ဖြစ်ပြီး အတွင်းရေးမှူးမှာ CDF - ပလက်ဝမှ ကာကွယ်ရေးဌာန တာဝန်ခံ ဆလိုင်းလုကာဖြစ်ကြောင်း၊ အဖွဲ့ဝင်များမှာ ပလက်ဝကောင်စီ (PC) ဥက္ကဋ္ဌ ဦးပြေမင်း၊ IKACC အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်၊ PC အတွင်းရေးမှူး ဆလိုင်းထောင်မင်း၊ CDF – ပလက်ဝစစ်ဦးစီးချုပ် ဆလိုင်း ယောဆဝါးတို့ဖြစ်ကြောင်း သိရသည်။
ချင်းတောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော တော်လှန်ရေးအင်အားစုများ၊ ချင်းပြည် ပြည်တွင်းနှင့် ပြင်ပ တော်လှန်ရေးအင်အားစုများဖြင့် ကောင်းမွန်သော မိတ်ဖက် ဆက်ဆံရေး တည်ဆောက်နိုင်ရန်အတွက် မဟာမိတ်ဆက်ဆံရေးအဖွဲ့ ဖွဲ့စည်း ရာတွင် IKACC အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားကြောင်း သိရသည်။
“မဟာမိတ်ဆက်ဆံရေးအဖွဲ့ကလည်း အလားတူပါပဲ မနှစ်တုန်းကတည်းက ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပလက်ဝနဲ့ ပထဝီနိုင်ငံရေးအရ ဆက်စပ်မှု ရှိတဲ့ အဖွဲ့အစည်းတွေအပြင် ချင်းပြည် ပြည်တွင်းနဲ့ ချင်းပြည် ပြင်ပမှာ ရှိတဲ့ အဖွဲ့တွေနဲ့ကော ကျနော်တို့က မိတ်ဖက်ဆက်ဆံရေးကို ကောင်းမွန်စွာ ဆက်ဆံရေးကို ရည်ရွယ်ပြီး ဖွဲ့စည်းတာဖြစ်ပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။
IKACC မဟာမိတ် ဆက်ဆံရေးအဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဆလိုင်းအောင်ရွှေ၊ ဆလိုင်းဆော်လမွန်၊ ဆလိုင်းထောင်မင်း၊ ဆလိုင်း အောင်လင်း၊ ဆလိုင်းယောဆဝါးနှင့် ဆလိုင်းဗန်အုပ်ထန်တို့ ပါဝင်ကြောင်း သိရသည်။
ပလက်ဝမြို့နယ် အုပ်ချုပ်ရေး ယန္တရားကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ပလက်ဝကောင်စီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ပလက်ဝချာတာပြဌာန်းချက်တချို့ကိုလည်း ယခုနှစ် ညီလာခံတွင် ပြင်ဆင်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက် နေ့စွဲဖြင့် ကြေညာထားသည်။
ကောင်စီကို အုပ်ချုပ်ရေးဌာန၊ ကာကွယ်ရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ အခွန်အကောက်ဌာန၊ လူသားစာနာဌာနအပါအဝင် ဌာနပေါင်း ၁၂ ခုဖြင့် ဖွဲစည်းမည်ဟု သိရသည်။
“ပလက်ဝကောင်စီက အုပ်ချုပ်ရေး ယန္တရားကို အဓိက လည်ပတ်သွားမှာပါ။ အဲဒီမှာ ပြည်သူ့ညီလာခံအနေနဲ့ တစ်နှစ်တစ်ကြိမ် ကျင်းပတာ ရှိတယ်။ အဲဒီကနေမှ လက်ရှိတော်လှန်ရေးကာလမှာ အုပ်ချုပ်ရေး အကောင်အထည် ဖော်ရတာ ခက်ခဲမှုတွေ များတယ်ဆိုတော့ ပြည်သူလူထုနဲ့ ဦးဆောင်ဦးရွက်ပြုနေတဲ့ အုပ်ချုပ်ရေး ယန္တရားကို ကိုင်တွယ်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ မူဝါဒတွေ ကြားထဲမှာ ကွဲလွဲမှုတွေ ရှိနေတဲ့ဟာကို ကျနော်တို့က အမြဲတမ်း လူထုအသံနဲ့အတူ ဒီတော်လှန်ရေးနဲ့လည်း သွေဖယ်မှု မရှိရလေအောင် ပြင်ဆင်ဖြည့်စွက်ပေးရတာ ရှိပါတယ်။ အဲဒါတွေကို ညီလာခံကနေ အတည်ပြုပေးရတာ ဖြစ်ပါတယ်” ဟု IKACC အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။
ကောင်စီတွဲဖက်အတွင်းရေးမှူး ၁ သည် အုပ်ချုပ်ရေးဌာန၊ တွဲဖက်အတွင်းရေးမှူး ၂ သည် ကာကွယ်ရေးဌာန နှင့် ကောင်စီ ဘဏ္ဍာရေးမှူးသည် ဘဏ္ဍာရေးဌာနကို ကြီးကြပ်သူ တာဝန်ခံများဖြစ်သည်ဟုလည်း ပလက်ဝကောင်စီ ဖွဲ့စည်းပုံ အခြေခံ စည်းမျည်းတွင် ပြင်ဆင်လိုက်သည်ဟု သိရသည်။
ပလက်ဝကောင်စီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၁ နှင့် ၂၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ၁ နှင့် ၂ ၊ ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်တင် မြောက်ရေးအဖွဲ့ ဖွဲစည်း၍ အဆိုပြုပြီး ကောင်စီ၏ နှစ်လည်ညီလာခံတွင် ခန့်အပ်ရမည်ဖြစ်ကြောင်း၊ ဒေသများမှ အုပ်ချုပ်ရေးမှူးများနှင့် ဌာနမှူးများသည် ကောင်စီဝင် အလိုအလျောက်ဖြစ်ပြီး ကောင်စီ နှစ်ပတ်လည် ညီလာခံတွင် အတည်ပြုရမည်ဟု သိရသည်။







