လောင်စာဆီစျေးအဆမတန်မြင့်တက်ပြီး ပြတ်လပ်မည်ကို လယ်သမားများစိုးရိမ်နေ

လောင်စာဆီစျေးအဆမတန်မြင့်တက်ပြီး ပြတ်လပ်မည်ကို လယ်သမားများစိုးရိမ်နေ

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခပြင်းထန်နေချိန် မြန်မာနိုင်ငံအတွင်း လောင်စာဆီများ အလုအယက်တိုးဝှေ့ ဝယ်ယူနေကြသောကြောင့် လောင်စာဆီစျေး အဆမတန် မြင့်တက်ပြီး ပြတ်လပ်သွားမည်ကို စိုးရိမ်ရကြောင်း ကျေးလက်နေ လယ်သမားများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့မှစပြီး မြန်မာနိုင်ငံတစ်ဝှမ်း မြို့ကြီးများရှိ ဆီဆိုင်များတွင် ဆီများကို ကားတန်းကြီးများဖြင့် တန်းစီတိုးဝှေ့ ဝယ်ယူနေကြပြီး ဆီဆိုင်တချို့ ပိတ်လိုက်ရသလို တချို့ဆီဆိုင်များတွင် အချိန်အကန့်အသတ်ဖြင့်သာ ရောင်းရသည့် အခြေအနေဖြစ်ခဲ့ခြင်း ဖြစ်သည်။

စပါး အဓိက စိုက်ပျိုးကြသည့် ဧရာဝတီတိုင်းမှ လယ်သမားများသည် နွေစပါး ရေသွင်း စိုက်ပျိုးရန်နှင့် ကိုင်းပင်သီးနှံများအတွက် ရေသွင်းရန် ရေနံလောင်စာဆီကို အဓိက အားထား နေကြရသည်။ ယနေ့အထိ ဆီဆိုင်ကြီးများတွင် ရေနံဆီ ပြတ်လပ်သွားသလို ဓာတ်ဆီကိုလည်း အကန့်အသတ်ဖြင့်သာ ရောင်းပေးတော့ကြောင်း အမည်မဖော်လိုသူ လယ်သမားတစ်ဦးက ယခုလိုပြောသည်။

“ဆီပြတ်မယ်သတင်းကြားလို့ ဒီနေ့ လိုက်ဝယ်တာ ဆီဆိုင်တွေမှာ မရတော့ဘူး။ ကုန်သွားပြီ လို့ပြောတယ်။ စျေးကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေကို အခွင့်ကောင်းယူပြီး စျေးတင်ရောင်းမှာကိုတော့ စိုးရိမ်တယ်။ အကုန်လုံးက ကုန်သည်တွေ လက်ထဲမှာပဲဆိုတော့” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်ထိ ရေနံဆီ စျေးနှုန်းမှာ တစ်လီတာ နှစ်ထောင်ကျော်နှုန်းဖြင့် ရောင်းချနေသေးသော်လည်း ဆိုင်တချို့တွင် ဆီပြတ်လပ်သွား၍ ဆိုင်များ ပိတ်ထားသောကြောင့် လယ်သမားတချို့သည် ဆီမရရှိကြသူများလည်း ရှိပြီး အချို့မှာ ကြိုတင်စုဆောင်းဝယ်ယူထားသူများလည်းရှိကြောင်း ၎င်းလယ်သမားက ဆက်ပြောသည်။

ယနေ့ အချိန်ထိ အရှေ့အလယ်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ကမ္ဘာ့ရေနံ တင်သင်္ဘောများ အဓိက ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ဖြတ်သန်းခွင့် ပိတ်ပင်ထားသောကြောင့် လောင်စာဆီ ပြတ်လပ်မည့် စိုးရိမ်မှုများလည်း ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်လျက် ရှိနေသည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လောင်စာဆီပြတ်လပ်မှုကို ကြိုတင် ကာကွယ်ရန် အစီအစဉ်များကို ချမှတ်အမိန့်ထုတ်ပြန်ထားပြီး ရက်ပေါင်း ၆၀ စာ လောင်စာဆီ အလုံအလောက် ရှိသေးကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

အလားတူ မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်တပ်အနေဖြင့်လည်း နိုင်ငံအတွင်း လောင်စာဆီ ရက်ပေါင်း ၄၀ စာ အလုံအလောက်ရှိနေသေးသလို စက်သုံးဆီတင် သင်္ဘောများလည်း ထပ်မံဆိုက်ကပ်လာရန်ရှိကြောင်း စစ်အုပ်စု ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

ယခုလို အခြေအနေမျိုးကို အခွင့်ကောင်းယူပြီး ဆီဆိုင်ကုန်သည်များအနေဖြင့် ဆီစျေးများကို အဆမတန် တိုးမြှင့်ရောင်းချသည့် အခြေအနေမျိုးများ ယခင်က ရှိခဲ့ဖူးသည်။ ထိုအခြေ အနေကြောင့် ရေရှည်တွင် လောင်စာဆီ ပြတ်လပ်ပြီး ဆီစျေး အဆမတန် တိုးမြင့်လာပါက စိုက်ပျိုးရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်ကြောင်း မြောင်းမြမြို့နယ်က လယ်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

“အခုလောလောဆယ်ကတော့ ဆီက အကန့်အသတ်နဲ့ ဝယ်လို့ရသေးတော့ ကြံဖန် လုပ်လို့ရ သေးတယ်။ ဟိုက စစ်ပွဲက မပြီးဘဲ ဆီတွေ ပြတ်သွားတာမျိုး၊ စျေးတွေ အဆမတန် တင်ရောင်း တာမျိုး လုပ်လာရင်တော့ ရေရှည်မှာ ကျမတို့အတွက် အဆင်မပြေဘူး။ အကုန်လုံး ဒုက္ခရောက်မှာ။ တစ်နှစ် တစ်နှစ် စိုက်ပျိုးရေး စရိတ်က အဲ့ဒီ လောင်စာဆီနဲ့ ဓာတ်မြေဩဇာက ပိုကုန်တာ။” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင်လည်း အာဏာသိမ်း စစ်အုပ်စုက စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပုဂ္ဂလိက မော်တော်ယာဉ်များ၏ လိုင်စင်နံပါတ် စုံ နှင့် မ ဂဏန်းအလိုက်ခွဲပြီး သုံးစွဲမောင်းနှင်ရန် အသိပေး ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိပါက အရေးယူသွားမည်ဟုလည်း သတိပေးထားသည်။

March 5, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အထင်ကရ ဇွဲကပင်တောင် ဆံတော်ရှင်ဘုရားပွဲတော်တွင် နယ်ခြား စောင့်တပ် (BGF...
March 4, 2026
ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် လူငယ်များကို ပစ်မှတ်ထား၍ ညအချိန် စစ်မှုထမ်းရန်...
March 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့...
February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...