မြန်မာတွင် အရန်ဆီ ရက် ၄၀ စာရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

မြန်မာတွင် အရန်ဆီ ရက် ၄၀ စာရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက် “စက်သုံးဆီ ပြတ်လပ်စရာအကြောင်းမရှိ”ဟု စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၄ ရက်တွင် သတင်းထောက်များကို ပေးပို့သည့် အသံဖိုင်တွင် ပြောထားသည်။

လက်ရှိ မြန်မာတွင် ဓါတ်ဆီ ဂါလံ သန်း ၆၀ ၊ ဒီဇယ်ဆီ သန်း ၇၀ နီးပါး ရှိပြီး၊ စုပုံထားပြီးဖြစ်သည့်အတွက် အရန်ဆီအနေဖြင့် နောက်ထပ်ရက် ၄၀ စာရှိကြောင်း ၎င်းက ပြောသည်။

ထို့ပြင် လက်ရှိ ဆီမချရသေးဘဲ ဆိပ်ကမ်းတွင်ကပ်ထားသည့် သင်္ဘောနှစ်စီးရှိသည့်အပြင် ဝယ်ယူထားပြီးသား စက်သုံးဆီများအား တင်ဆောင်ပြီးလာနေသည့် နောက်ထပ် သင်္ဘော ၁၄ စီးလည်း ရှိသည်ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံကဆီတင်ပို့မှုပိတ်သိမ်းခြင်းနှင့်ပတ်သက်ပြီး ကောလာဟလထုတ်လွှင့်ခြင်းများရှိကြောင်း၊ စစ်ကော်မရှင်အနေဖြင့် အရှေ့တောင်အာရှတွင် စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ဆီတင်သွင်းနေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်းပြောသည်။

“ဒီစက်သုံးဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လပ်သွားစရာအကြောင်းမရှိပါဘူး။ သို့သော် ကမ္ဘာမှာဖြစ်ပေါ်နေတဲ့အခြေအနေအရ ကမ္ဘာ့ဈေးနှုန်းနဲ့အညီတော့ စက်သုံးဆီများက ကျွန်တော်တို့ ဈေးနှုန်းများသည် ကမ္ဘာ့ဈေးနှုန်းနဲ့အညီတော့ ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်” ဟု လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်များအားပေးပို့သည့် အသံဖိုင်တွင် ပြောထားသည်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက်တွင် အတားအဆီး အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွက် စက်သုံးဆီချွေတာသုံးစွဲရန် စစ်ကော်မရှင်က မတ်လ ၃ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လာမည့် မတ်လ ၇ ရက်နေ့ကစပြီး EV မော်တော်ယာဉ်များနှင့် EV ဆိုင်ကယ်များမှလွဲပြီး ပုဂ္ဂလိကပိုင်ယာဉ်များအနေဖြင့် ‘စုံ’ ရက်များတွင် ‘စုံ’ အက္ခရာပါသောယာဉ်များ၊ ‘မ’ ရက်များတွင် ‘မ’ အက္ခရာပါသောယာဉ်များ စသည်ဖြင့် တရက်စီခြားပြီးမောင်းရန် စစ်ကော်မရှင်က ထုတ်ပြန်ခဲ့ သည့်အပေါ် ပြည်သူများအကြား ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။

ယင်းကဲ့သို့ ထုတ်ပြန်ခြင်းမှာ အရန်စက်သုံးဆီမရှိ၍မဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်သည့် ကိစ္စများကို တွက်ဆပြီး ချိုးခြံချွေတာရေးအတွက် ထုတ်ပြန်ခဲ့ခြင်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထို့ပြင် ဆီနှင့်ပတ်သက်ပြီး စက်သုံးဆီဆိုင်များကိုလည်း ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း၊ မရောင်းသည့် စက်သုံးဆီဆိုင်များ ရှိပါကလည်း စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဖုန်းနံပါတ်များထုတ်ပြန်မည်ဖြစ်ပြီး တိုင်ကြားနိုင်ကြောင်းလည်း ဆိုသည်။

သို့သော် စစ်ကော်မရှင်ရုံးစိုက်ရာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးအနီးရှိ စစ်တပ်ပိုင် မြဝတီဆီဆိုင်မှာမူ ယမန်နေ့ ပိတ်ထားကြောင်း နေပြည်တော်မြို့ခံများက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင်လည်း နေပြည်တော်အပါအဝင် နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် စက်သုံးဆီဆိုင်များရှေ့၌ ဆိုင်ကယ်များ ၊ ကားများဖြင့် တန်းစီဝယ်ယူမှုများလည်း ဖြစ်ပွားလျက်ရှိသည်။

လက်ရှိ နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှုအနေဖြင့် တရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလံ၊ ဒီဇယ်ဆီ ၁ ဒသမ ၇ သန်းဂါလံခန့်ရှိပြီး စုစုပေါင်း တရက်လျှင် ဆီဂါလံ ၃ ဒသမ ၂ သန်းခန့် သုံးစွဲမှုရှိကြောင်း စစ်ကော်မရှင်ပြောဆိုချက်အရ သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...