ဇွဲကပင်တောင်ဘုရားပွဲ BGF နှင့် PC အဖွဲ့တို့ လုံခြုံရေးယူပေးပြီး လောင်းကစားဝိုင်းများဖြင့် စည်ကားနေ

ဇွဲကပင်တောင်ဘုရားပွဲ BGF နှင့် PC အဖွဲ့တို့ လုံခြုံရေးယူပေးပြီး လောင်းကစားဝိုင်းများဖြင့် စည်ကားနေ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အထင်ကရ ဇွဲကပင်တောင် ဆံတော်ရှင်ဘုရားပွဲတော်တွင် နယ်ခြား စောင့်တပ် (BGF) နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးထားပြီး လောင်းကစားဝိုင်းများဖြင့် စည်ကားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ဇွဲကပင်တောင်တက်ပွဲတော်ကို တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် လည်း မတ် ၁ ရက်နေ့မှ လပြည့်ကျော်နှစ်ရက် မတ် ၃ ရက်နေ့အထိ သုံးရက်ကြာ ဖားအံမြို့အနီးရှိ ဇွဲကပင်တောင် အရှေ့ဘက်ခြမ်း ခလောက်နို့ရွာနှင့် အနောက်ဘက်ခြမ်း ဒုံရင်းရွာ နှစ်ခုစလုံးတွင် ကျင်းပနေခြင်းဖြစ်သည်။

ပွဲတော်အတွင်း အန်ဂလုံဝိုင်း၊ ငါးပစ်ဂိမ်းအပြင် ဖဲ၊ အနီထောင်နှင့် အခြားသော လောင်းကစားဝိုင်းပေါင်း ၁၀၀ ခန့်က နေရာယူထားပြီး လူစည်ကားလျက်ရှိသည်ဟု ပွဲသွားရောက်ခဲ့သူ ဖားအံမြို့ခံ လူငယ်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “လပြည့်ည ပွဲတော်ရက်ကဆို လုမ္ဗနီဘက် လူစည်နေရောပဲလေ။ အန်ဂလုံဝိုင်းတော့ နှစ်တိုင်းရှိတယ်။ ဝိုင်းတွေလည်း တစ်ရာလောက်ရှိမယ်။ လူတွေလည်း အပြည့်ပဲ။ ၉ နာရီ ၁၀ နာရီနောက်ပိုင်းလည်း လူကြပ်တုန်းပဲ။ ပွဲအဝင်နေရာတွေမှာ BGF တွေ လုံခြုံရေး စောင့်ပေးတာတွေ့တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဇွဲကပင်တောင် အရှေ့ဘက်ခြမ်း ခလောက်နို့ရွာဘက်ခြမ်းရှိ ယမန်နေ့ ပြုလုပ်ကျင်းပသည့် ပွဲတော်၏ နောက်ဆုံးညတွင်လည်း အန်ဂလုံလောင်းကစားဝိုင်းအပြင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် ဇာတ်ပွဲများ ပါဝင်ပြီး ပွဲတော်လုံခြုံရေးအတွက် ငြိမ်းချမ်းရေးကောင်စီ (PC) တို့က လုံခြုံရေးယူပေးနေသည်ဟု သိရသည်။

“အဲ့မှာ PC တွေပဲ လုံခြုံရေးစောင့်တာ တွေ့တယ်။ ကား၊ ဆိုင်ကယ် အပ်တဲ့နေရာမှာလည်း ယူနီဖောင်းအပြည့်နဲ့ အပ်ခတစ်စီး ၅၀၀၀ နဲ့ သူတို့လူပဲ စောင့်တယ်။ BGF တော့ မတွေ့ဘူး။ အန်ဂလုံဝိုင်းကတော့ ဝိုင်းများရင် များသလို နှစ်တိုင်းပဲ လူတွေ ပိုစည်တယ်” ဟု ခလောက်နို့ရွာနေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို ကျောင်းထိုင်ဘုန်းကြီး ခွင့်ပြုချက်ဖြင့် ကျေးရွာဒေသခံများက ပွဲကန်ထရိုက်ဆွဲပြီး ပြုလုပ်ခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံက ဖြည့်စွက်ပြောသည်။ ထို့အတူ အန်ဂလုံဝိုင်းအများစုတွင် ဝိုင်းတိုင်းလိုလို လူပြည့်နေပြီး အများစုမှာ ဒေသခံသက်ကြီးပိုင်းများ ဆော့ကစားနေသော်လည်း အချို့သောဝိုင်းများတွင် အသက် ၁၀ နှစ်ပင် မပြည့်သေးသော ကလေး ငယ်များ ဝိုင်းဖွဲ့၍ သီးသန့်ဆော့ကစားလာကြမှုများ ရှိနေလာသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှ သိရသည်။

“အရင်တုန်းကဆို ကလေးတွေ ဒီလောက်ကစားတာမတွေ့ဖူးဘူး။ ခုနောက်ပိုင်း ကစားတာ ပိုများလာတယ်။ မိဘတချို့ကလည်း လောင်းကစားစွဲကြတော့ သူတို့ ကလေးတွေကို ပွဲထဲခေါ်လာရင်း အခုလို အဖြစ်များလာတာလည်း ပါတယ်” ဟု နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

လတ်တလောတွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ဖာပွန်ဒေသဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ဒေသခံအရပ်သားပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။ သို့သော်လည်း မြို့ပြဘက်တွင် ဘုရားပွဲတော်များ၊ ပွဲလမ်းသဘင်များ မကြာခဏ ပြုလုပ်ကျင်းပနေမှုအပေါ် ဒေသခံပြည်သူများအကြား ထောက်ပြဝေဖန်မှုများရှိနေသည်။

ပြီးခဲ့သည့် နှစ်ပိုင်းက ဖြစ်ပွားခဲ့သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲကြောင့် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိမ်းရှောင်ခဲ့ကြရသော စစ်ဘေးရှောင်များအနေဖြင့်လည်း ယခုအချိန်ထိ နေရပ်ပြန်နေထိုင်၍မရသေးကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။

March 4, 2026
ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် လူငယ်များကို ပစ်မှတ်ထား၍ ညအချိန် စစ်မှုထမ်းရန်...
March 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့...
February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...
Photo: KHRG
February 27, 2026
မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁...