သျှမ်းလူထု ဒုက္ခရောက်နေချိန် လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ နှုတ်ဆိတ်မနေရန် သျှမ်းလူငယ်များ တိုက်တွန်း

သျှမ်းလူထု ဒုက္ခရောက်နေချိန် လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ နှုတ်ဆိတ်မနေရန် သျှမ်းလူငယ်များ တိုက်တွန်း
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ

သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့များနှင့် နှုတ်ဆိတ်နေသည့် နိုင်ငံရေးပါတီများကို သျှမ်းလူငယ်အဖွဲ့အစည်းအသီးသီးက ထောက်ပြပြောဆိုလိုက်သည်။

အဆိုပါထောက်ပြပြောဆိုချက်သည် မတ်လ ၁ ရက်တွင် ကျရောက်သော “သျှမ်းလူငယ်နေ့” အထိမ်းအမှတ်အဖြစ် သျှမ်းလူငယ်အဖွဲ့အစည်း အသီးသီးက ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းနှင့် အထူးသဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် သျှမ်းလူထုမှာ စစ်ဘေးဒဏ်အပြင် အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှု၊ လူကုန်ကူးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်းစုံကို ရင်ဆိုင်နေရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သျှမ်းလူငယ်များ၏ ထုတ်ပြန်ချက်တွင် သျှမ်းလက်နက်ကိုင်အဖွဲ့အစည်းများသည် လူထု၏ လုံခြုံရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကာကွယ်ပေးရန် တာဝန်ရှိသော်လည်း လက်ရှိတွင် လူထုဖိနှိပ်ခံနေရမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်းမရှိဘဲ တာဝန်ပျက်ကွက်နေကြောင်း ဖော်ပြထားသည်။

“မည်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့အစည်းကမှ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ခြင်းမရှိဘဲ သျှမ်းလူထုအပေါ် အဓိကကျသော တာဝန်လုပ်ငန်းများ ပျက်ကွက်လစ်ဟင်းလျှက်ရှိနေသည်မှာ လုံးဝ မဖြစ်သင့်ပါ” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် ရွေးကောက်ပွဲကာလတွင် ကတိကဝတ်များပေးခဲ့သော သျှမ်းနိုင်ငံရေးပါတီများသည်လည်း လူထုဒုက္ခရောက်နေချိန်တွင် နှုတ်ဆိတ်နေကြခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် လူထုနှင့်အတူ ရပ်တည်ဖြေရှင်းပေးရန် တိုက်တွန်းထားသည်။

လက်ရှိတွင် သျှမ်းပြည်အတွင်းရှိ လူငယ်များသည် အနာဂတ်ပျောက်ဆုံးနေပြီး လက်နက်ကိုင်အဖွဲ့များ၏ မတရားဖမ်းဆီး ဖိနှိပ်မှုနှင့် သေဆုံးမှုများ၊ မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံရခြင်းနှင့် လူကုန်ကူးခံရခြင်း၊ ပညာရေးနှင့် လူမှုစီးပွားဘဝများ လုံးဝပျက်စီးနေခြင်း ရင်ဆိုင်နေရကြောင်း သျှမ်းလူငယ်အဖွဲ့များက ထောက်ပြထားသည်။

သျှမ်းသံဃာတော်များအနေဖြင့် လူထုကို မေတ္တာတရားဖြင့် ကာကွယ်ပေးရန်၊ သျှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအနေဖြင့် အမျိုးသားစာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရုံတင်မကဘဲ လူငယ်များအတွက် အမျိုးသားကျောင်းများ ပေါ်ပေါက်လာအောင် ကူညီရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် လူထုနှင့်တစ်သားတည်း ရပ်တည်ရန် အသီးသီး တိုက်တွန်းထားသည်။

သျှမ်းလူထုများအပေါ် မတရားအနိုင်ကျင့် ဖိနှိုပ်ခံရမှုမှန်သမျှကို မျက်ကွယ်ပြု လျစ်လျှူရှုခြင်းမပြုရန်နှင့် လူငယ်များနှင့်အတူ ပူးပေါင်းဖြေရှင်းရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ချုပ်တွင် ဖော်ပြထားသည်။

“သျှမ်းလူငယ်နေ့” ကို သျှမ်းအမျိုးသားခေါင်းဆောင် ဒေါက်တာဘဉာဏ်၏ မွေးနေ့ကို အစွဲပြု၍ ၂၀၁၇ ခုနှစ်မှ စတင်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် သျှမ်းပြည်၏ နိုင်ငံရေးနှင့် စစ်ရေးအကြပ်အတည်း အဆိုးရွားဆုံးကာလတွင် ကျရောက်နေခြင်း ဖြစ်သည်။

Most read this week

August 11, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမှုများ...
ဓာတ်ပုံ - (Crd) တာချီလိတ် ကျားဖြန့်လုပ်ငန်းမှ ထွက်ပေးလွတ်မြောက်လာသည့် ရုရှားသူ
August 11, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်းကျားဖြန့် (ကျားဖျန့်) လိမ်လည်မှု...
August 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ...
August 6, 2026
သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမိုးရာသီ ကာလအတွင်း ရာသီ...