ရွှေဘို ခရိုင်အတွင်း ခွင့်ပြုချက်မရှိပဲ ဖွင့်လှစ်ထားသော ဂိတ်ပေါင်း ၇၅ ဂိတ်ကို NUG ပိတ်သိမ်း

ရွှေဘို ခရိုင်အတွင်း ခွင့်ပြုချက်မရှိပဲ ဖွင့်လှစ်ထားသော ဂိတ်ပေါင်း ၇၅ ဂိတ်ကို NUG ပိတ်သိမ်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ အကြောင်းပြ ချက်အမျိုးမျိုးဖြင့် ဖွင့်လှစ်ထားသည့် အခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ်ပေါင်း ၇၅ ဂိတ်ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အမှတ် (၁) စစ်ဒေသက အပြီးတိုင် ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။

အဆိုပါဂိတ်များမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များက ဖွင့်လှစ်ထားသည့် ပြည်ထောင်စုအခွန်ဂိတ်၊ လမ်းပြုပြင်ရေးဂိတ်၊ စည်ပင်ဂိတ်များအပြင် ကာကွယ်ရေးအဖွဲ့အမည်ခံ ဂိတ်များဖြစ်ပြီး မြို့နယ်တစ်ခုလျှင် ပျမ်းမျှ ၂၅ ဂိတ်ခန့်အထိ ဖောင်းပွနေခြင်းဖြစ်သည်။

ထိုသို့ ဂိတ်များပြားနေခြင်းကြောင့် ပြည်သူများအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း၊ ခရီးသွားလာမှု နှောင့် နှေးကြန့်ကြာခြင်းနှင့် စည်းကမ်းတကျမရှိခြင်းတို့အပေါ် လူထု၏ တိုင်ကြားချက်များရှိလာသဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကို နောက်ဆုံးထားကာ ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်ခဲ့သည်။

မြေပြင်တွင် ကုန်စည်ပို့ဆောင်နေသည့် အသက် ၄၀ အရွယ် ကုန်တင်ယာဉ်မောင်းတစ်ဦးက ၎င်းကြုံတွေ့ရသည့် အခက်အခဲကို ယခုကဲ့သို့ ပြောပြသည်။

“အရင်ကဆို ရွှေဘိုလမ်းပိုင်းမှာက ဂိတ်တွေက မှိုလိုပေါတာ။ တစ်ဂိတ်ဝင် တစ်ဂိတ်ထွက် ပေးရတဲ့ငွေက မနည်း ဘူး။ ကားခက ရတာနဲ့ ဂိတ်ကြေးပေးရတာနဲ့ တင် အနိုင်နိုင်ပဲ။ အခုလို စနစ်တကျ လုပ်လိုက်တော့ ကျနော်တို့ ယာဉ်မောင်းတွေရော၊ ကုန်သည်တွေပါ အသက်ရှူချောင်သွားတာပေါ့။ ခရီးလည်း ပိုတွင်တာပေါ့ဗျာ။”

လက်ရှိတွင် ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ အနေဖြင့် မလိုအပ်သည့်ဂိတ်များကို ပိတ်သိမ်းစေပြီး လိုအပ်သည့် ဂိတ် များကိုမူ စနစ်တကျ ပေါင်းစည်းနိုင်ရန် မြို့နယ်အသီးသီးရှိ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် စည်ပင်သာယာရေး အဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။

နောင်တွင် စစ်ရေးအရ စစ်ဆေးရန်လိုအပ်ပါကလည်း ခရိုင်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုမိန့်စာပါရှိမှသာ ဆောင်ရွက် ရတော့မည်ဖြစ်သည်။

အဆိုပါ လမ်းပိုင်းနှင့် ပတ်သက်၍ ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ဂိတ်တွေ အများကြီးရှိတော့ သွားရ လာရတာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ တချို့ဂိတ်တွေက ဘယ်အဖွဲ့မှန်းတောင် သေချာမသိရဘဲ ပိုက်ဆံ တောင်းတာမျိုးတွေ ရှိခဲ့တာ။ အခုလို ခရိုင်ကွပ်ကဲရေးက တရားဝင် ပိတ်သိမ်းလိုက်ပြီဆိုတော့ ပြည်သူတွေ အတွက် ပိုပြီး အဆင်ပြေသွားတာပေါ့” ဟု ပြောသည်။

ထို့အပြင် NUG အစိုးရအနေဖြင့် စစ်ကိုင်းတိုင်းတစ်ခွင်လုံးရှိ အကောက်ခွန်ဂိတ်များကို လျှော့ချပိတ်သိမ်းမည့် စီမံချက်ရှိနေပြီး စစ်ကော်မရှင် ထိန်းချုပ်ထားသည့် မြို့များကို ရှောင်ကွင်းသည့် လမ်းပိုင်းများကိုလည်း စည်ပင် သာယာရေးအခွန်များဖြင့် အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးရန် ညှိနှိုင်းထားသည်ဟု ဆိုသည်။

ရွှေဘိုခရိုင်အတွင်း တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နယ်မြေများတွင် အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေချိန်၌ ယခုကဲ့သို့ တရားမဝင်ဂိတ်များ ကို အရေးယူဆောင်ရွက်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးအတွက် အလားအလာကောင်းတစ်ခု ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ခရိုင်ကွပ်ကဲရေးအဖွဲ့ကလည်း လိုက်နာခြင်းမရှိသည့် ဂိတ်များကို ထိရောက်စွာ အရေးယူမည့် စနစ်များ တည် ဆောက်ထားပြီး ဖြစ်ကြောင်းနှင့် ပြည်သူလူထု အနေဖြင့် သတ်မှတ်အခွန် ခွဲတမ်းများကို တာဝန်သိစိတ်ဖြင့် ပေးဆောင်ကာ စည်းကမ်းချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။

Most read this week

February 25, 2026
ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း...
February 24, 2026
NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ်...
February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...
February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...